ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ သပိတ်ကာလအတွင်း ဆန္ဒပြရင်း စစ်ကောင်စီရဲ့ ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ လူငယ် ၁၁ ယောက်ရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို မတ်လ ၁၉ ရက်နေ့မှာ အောင်းပန်းမြို့ပြပျောက်ကြားတပ်ဖွဲ့-UTF က ဦးဆောင်ပြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့ရဲ့ သပိတ်ကာလအတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၁၁ ဦးကို မမေ့လျော့စေချင်တာကြောင့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
“ အောင်ပန်းမှာ အစောဆုံးကျဆုံးခဲ့ရတဲ့ အာဇာနည် သူရဲကောင်း ၁၁ ယောက်ကိုလည်း သတိရစေ အမှတ်ရနေစေချင်တယ်။ သူတို့ကို မလျော့စေချင်သလို ရှမ်းတောင်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်ထားသူတွေ အများကြီးကိုလည်း စုံချင်တယ်။ တော်လှန်ရေးထဲမှာလည်း ပိုအားစိုက်စေချင်တယ်”လို့ တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ ရှမ်းပြည်နယ်တောင်ပိုင်းက တပ်ရင်းတပ်ဖွဲ့အသီးသီးက ရဲဘော်ရဲဖက် အယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တပ်ဖွဲ့တာဝန်ရှိသူတွေက အမှာစကယးပြောကြားတာ၊ ကဗျာရွတ်ဆိုတာ၊ အောက်မေ့စကားပြောကြားတာ၊ အာဇာနည်တွေကို အလေးပြုတာ၊ တက်ရောက်လာသူတွေကို ဧည့်ခံကျွေးမွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်ပန်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ခုလက်ရှိအချိန်မှာ အသစ်ရောက်လာတဲ့ ရဲဘော်တွေကို စစ်ရေးစစ်ရာတွေ ပို့ချပေးနေပြီး ကရင်နီပြည်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။