ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟိုက်ဒရိုကွင်းခန်းမမှာ စစ်ကောင်စီက ပွဲရုံပိုင်ရှင်တွေကို ဖိတ်ကြားပြီး စစ်မှုထမ်းဥပဒေ ဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ ပွဲရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ မတ်လ ၈ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲရုံပိုင်ရှင်တွေနဲ့ အလုပ်သမားတွေကို မဖြစ်နေ ဆွေးနွေးပွဲ တက်ရောက်ကြဖို့ ဖိအားပေးထားတယ်လို့ ဆိုပါတယ်။
ပွဲရုံပိုင်ရှင် တစ်ဦးက “ပွဲရုံတွေက သိတဲ့အတိုင်း အလုပ်သမားတွေ များတယ်လေ။ သန်သန်မာမာလည်း ဖြစ်တယ်ဆိုတော့ သူတို့ အနေနဲ့ စစ်မှုထမ်း ခေါ်မယ်ဆိုရင် ဦးစားပေးမယ်လို့ ထင်တာပေါ့လေ။ ဒါက အထင်နဲ့ သုံးသပ်တာပါ။ ဆွေးနွေးပွဲ ဘယ်လို ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့လေ” လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)၊ မြို့နယ်မှူးနဲ့ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ပြည်သူတွေလည်း တက်ရောက်နိုင်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲ ရလဒ်ကို လတ်တလော မသိရသေးပေမယ့် စစ်မှုထမ်းရမှာကို စိုးရိမ်တယ်လို့ ပွဲရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။
“အလုပ်အကိုင်ရှားလို့ ဗမာပြည်ဘက်ကနေ ဒီမှာ အလုပ်လာလုပ်ပါတယ်ဆိုမှ ပေါ်တာ ဆွဲခံရမယ့်ကိန်းပဲ။ ထိုင်းသွားလုပ်ဖို့ကလည်း အရင်းအနှီးက မရှိ။ ဒီမှာလည်း စစ်မှုထမ်း ဥပဒေ ကြောက်ရ။ တစ်ခုမှကို အဆင်မပြေပါဘူး”
မန္တလေးတိုင်း၊ အောင်မြေတာဇံမြို့နယ်မှာလည်း မတ်လ ၆ ရက်နေ့က စစ်မှုထမ်းဥပဒေ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ရပ်ကွက် တစ်ခုကို စစ်မှုထမ်းဖို့ အမျိုးသား အယောက် ၂၀ တောင်းခံနေတယ်လို့ စုံစမ်း သိရပါတယ်။