ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ရဲမိသားစုဝင်တွေက အရပ်ဝတ်နဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူတွေနဲ့ လောင်းကစားဝိုင်းတွေကိုဖမ်းဆီးပြီး ငွေတောင်းခံတာတွေလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မူးယစ်ဆေးဝါး လက်လီရောင်းချသူတွေနဲ့ လောင်းကစားဝိုင်းအသေးတွေကို ဖမ်းဆီးငွေတောင်းခံတာဖြစ်ပြီး ဒီလိုဖမ်းဆီးရာမှာ အောင်ပန်းရဲစခန်းနယ်ထိန်းတပ်ကြပ်ကြီးရဲ့သားဆိုသူ သားကြီး၊ မြို့ဟောင်းရပ်ကွက်မှ ရာအိမ်မှူး ရဲနောင်နဲ့ ရဲလက်ဝေခံ ကျော်နိုင် ဆိုသူတို့ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖမ်းတယ်ဆိုပေမယ့် ငွေညှစ်တာပါ။ သူတို့က ရဲအစစ်မဟုတ်ဘူး၊ နယ်ထိန်းသားနဲ့ ရာအိမ်မှူး အဖွဲ့ဝင်အချို့ပါတယ်။ သိန်း ၂၀ ကနေအထက် တောင်းကြတယ်။ အမှုမဖွင့်ဘူး။ ရဲစခန်းထဲ သန့်ရှင်းရေးဘာညာ လုပ်ခိုင်းပြီးငွေရတာနဲ့ပြန်လွှတ်တယ်။ လောင်းကစားဝိုင်းဆိုတာလဲ အထက်ဝိုင်းတွေတော့ မဟုတ်ဘူး၊ ပိုက်ကျူးလို၊ ပိုကာလို အောက်ဝိုင်းတွေပေါ့ လူကြီးနဲ့မပိုင်တဲ့ဝိုင်းတွေလောက်ပေ့ါ” လို့ သူက ပြောပါတယ်။
ဒီလိုဝင်ရောက်ဖမ်းဆီးရာမှာ အခန့်မသင့်လို့ စကားများရင် သေနတ်ထုတ်ပြီးခြိမ်းခြောက်တာတွေအထိ လုပ်တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
လောင်းကစားဝိုင်း၊ လေးကောင်ဂျင်ဝိုင်းတွေကို ဟဲဟိုး၊ အင်းခေါင်း၊ ဘော်ဆိုင်း တို့မှာ ပြုလုပ်နေပြီး မကြာခဏ ပိတ်သိမ်းမှုတွေရှိပေမယ့် နာရီးပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး ရှမ်းတောင်မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင်ပြုလုပ်လာပြီး ခိုးမှု၊ ရာဇဝတ်မှုတွေလည်း ထူပြောလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမှုခင်းတွေကို ရဲတွေအနေနဲ့ ထိထိရောက်ရဲတွေအနေနဲ့ ထိထိရောက်ရောက် ဖမ်းဆီးနိုင်ခြင်းမရှိတာကြောင့် ဥပဒေအကာာအကွယ်မရှိသလို ခံစားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။