မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်နှင့် မြန်မာနိုင်ငံ၏ လေကိုပင် မရှုရှိုက်ကြရန် အစည်းအဝေး ခေါ်ပြောဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မကွေးတိုင်း၊ အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ စစ်သင်တန်းအတွက် လူရှာမရသဖြင့် ဒေသမှ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းရန် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ဖိအားပေးလျက်ရှိကြောင်း၊ အောင်လံမြို့ ၊တရော်ကုန်းရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က မေလ ၈ ရက်နေ့ရက်စွဲဖြင့် ရပ်ကွက်အတွင်း လူငယ်တစ်ဦးချင်းထံစာပို့ပြီး ရပ်ကွက်ရုံးသို့ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် ပြောဆိုကြောင်း၊ စစ်မှုထမ်းလိုပါက ငွေကြေးပေးဆောင်ရန် ဖိအားပေးကြောင်း၊ စစ်မှုလည်းမထမ်း၊ ငွေလည်း မပေးချင်ပါက မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန် ငွေညှစ်ခြိမ်းခြောက်တောင်းခံနေကြောင်း သတင်းရရှိသည်။
“ခင်ဗျားတို့မကျေနပ်ရင် တိုင်ချင်တဲ့နေရာကိုတိုင် ဂရုမစိုက်ဘူး။ အောင်လံ ရဲစခန်းမြို့နယ်မှူးနဲ့စခန်းမှူးကလည်းကျုပ်တို့လူပဲ၊ ခင်ဗျားတို့ရဲ့သားတွေကို သူတို့အမိန့်နဲ့ဖမ်းတာ၊ ခင်ဗျားတို့ဆီက ကျုပ်တို့ရတဲ့ငွေကို မြို့နယ်မှူးနဲ့စခန်းမှူးကိုအရင်ဆုံးအပ်ရတာ ရှင်းလား ။ ခင်ဗျားတို့သားသမီးတွေ စစ်မှုမထမ်းချင်ရင်ကျုပ်တို့တောင်းတဲ့ငွေကြေးကိုပေးရမယ်၊ မပေးရင်သေချာပေါက်စစ်ထဲဝင်ရမယ်။ ဒီနိုင်ငံရဲ့ ဥပဒေကိုမလိုက်နာချင်ရင် ဒီနိုင်ငံမှာမနေနဲ့၊ ကုန်ကုန်ပြောရရင် ဒီနိုင်ငံက လေကိုတောင်မရှုနဲ့၊ ရှင်းလား” ဟု အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က လူငယ်များ၏ မိဘများကို ပြောဆိုကြောင်း သိရှိရသည်။
လက်ရှိ အောင်လံမြို့ပေါ်တွင် စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းများကြောင့် လူငယ်များမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစုလိုက် ထွက်ပြေးနေရမှုများလည်းရှိနေကြောင်း သိရှိရသည်။