ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွနဲ့ ပတ်သက်ပြီး ဆက်တိုက်ဖမ်းဆီးနေတဲ့ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းယွန်းဒေသမှာ အရာရှိတစ်ဦး အဖမ်းမခံ လက်ပစ်ဗုံးဖောက်ခွဲပြီး သတ်သေသွားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
သတ်သေသွားတဲ့ အဲဒီ ‘ဝ’ အရာရှိဟာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယွန်းဒေသရဲ့ ဒုတိယမြောက် အကြီးဆုံးရာထူးရယူထားသူ ဖြစ်ပြီး အောက်တိုဘာလ တတိယပတ်အတွင်းမှာ သတ်သေသွားတာ ဖြစ်တယ်လို့ အဲဒီဒေသနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ‘ဝ’ တောင်ပိုင်း ၁၇၁ စစ်ဒေသထဲက ဟွေအောမှာလည်း တရုတ်နိုင်ငံသား ၂၀၀ လောက်ကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်အစိုးရဟာ သူ့နိုင်ငံသားတွေကို ထိခိုက်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် အရေးယူနေပြီး တရုတ်နယ်စပ်မှာရှိတဲ့ ကိုးကန့်နဲ့ ‘ဝ’ လက်နက်ကိုင် ခေါင်းဆောင်အချို့ကိုပါ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ ပြုလုပ်ထားပါတယ်။
ဒါ့အပြင်တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ ခြေကုတ်ယူထားတဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီး ပြန်ပို့ခိုင်းထားပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်း တရုတ်နိုင်ငံသား ထောင်နဲ့ချီကို တိုင်းရင်းသားလက်နက်ကိုင်တွေက ဖမ်းဆီးပြီး တရုတ်ပြည်ကို ပြန်လည်လွှဲပြောင်းထားပါသေးတယ်။