ဖားကန့်မြို့ကိုဖြတ်သန်းစီစဉ်သွားတဲ့ ဥရုချောင်းရေဟာဒီရက်ပိုင်းမှာ ထုံးတွေဖျော်ထားသလို ခဲရောင်ပေါက်လာပြီး သိသိသာသာ အရောင်ပြောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဥရုချောင်းအထက်ပိုင်းက ရွှေတူးဖော်ရေးလုပ်ကွက်တွေကနေ ရွှေတူးစဉ်မှာ သုံးတဲ့ သတ္တုရည်တွေမျောပါလာတာလို့ ဒေသခံတွေကယူဆနေပါတယ်။ အကြောင်းရင်းမှန်ကို မသိရှိရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
အရင်ကဆိုရင် ကြည်ကြည်လင်လင်နဲ့အစိမ်းရောင်သမ်းနေတဲ့ ဥရုချောင်းရေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရလက်ထက်ကစပြီး ကျောက်စီမ်း ၊ရွှေနဲ့သတ္တု အလွန်အကျွံတူးဖော်တာတွေကြောင့် နောက်ကျိသွားခဲ့ပြီး ကော်ဖီရောင် ပြောင်းခဲ့ပါတယ်။အခုအခါမှာ အခြေအနေပိုဆိုးလာပြီး ခဲရောင်လို ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဥရုချောင်းဟာ ကချင်ပြည်နယ် ဟူးကောင်းလွင်ပြင်ကနေ စတင် မြစ်ဖျားခံပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထွက်ဝကျေးရွာမှာ ချင်းတွင်းမြစ်အတွင်းကိုစီးဝင်ရင်း ဆက်လက်စီးဆင်းနေပါတယ်။