ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ယူရို ၁၉ သန်းကျော် အခုနှစ်မှာ ပေးအပ်ဖို့ ခွင့်ပြုတယ်လို့ ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနေရာအများစုမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့ အဆိုပါ ရန်ပုံငွေ ၁၉ သန်းကျော်ကို ပေးအပ်တာ ဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းနဲ့ တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ထိခိုက်ခံစားရသူတွေအတွက် ကူညီပံ့ပိုးတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ နှစ်ရက်က ထုတ်ပြန်တဲ့ အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂ EU ရဲ့ အခုပေးအပ်သွားမယ့် ရန်ပုံငွေဟာ စားနပ်ရိက္ခာ၊ အရေးပေါ်အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့ မိလ္လာ လက်လှမ်းမီဖို့နဲ့ မိုင်းအန္တရာယ် အသိပညာပေးရေးတို့လို အကာအကွယ်ပေးရေးလုပ်ငန်းတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းရန်ပုံငွေ ယူရို ၁၉ သန်းကျော်ထဲက ယူရို ၂ သန်းဟာ အရေးပေါ်အခြေအနေမှာ ပညာရေးအတွက် ပေးအပ်မှာ ဖြစ်ပြီး မြန်မာပြည် ကလေးငယ် သုံးပုံတပုံဟာ ပဋိပက္ခကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့လည်း ဆိုထားပါတယ်။
EU က ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေဟာ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂအေဂျင်စီတို့လို မိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအေဂျင်စီ အများစုဟာ စစ်ကောင်စီကနေတဆင့် အကူအညီပေးရေးတွေကို လုပ်ဆောင်နေတာ ဖြစ်ပြီး ဒါဟာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီ မရောက်ရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆက်တိုက်ဆိုသလို ပြောဆိုနေတာ ရှိပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူသားချင်းစာနာမှု အကူအညီဟာ မြန်မာပြည်ကို သွားနေပေမယ့် စစ်တပ်ကတဆင့် သွားနေတာ ဖြစ်လို့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီကို လုံးဝမရောက်တာကြောင့် တကယ့် ပဋိပက္ခဒေသ ဒုက္ခရောက်နေသူတွေဆီကို ရောက်ဖို့ နည်းလမ်းရှာဖွေဖို့ လိုတယ်လို့ VOA သတင်းဌာနကို မနေ့က ပြောဆိုခဲ့ပါတယ်။