စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရတဲ့ မန္တလေးမြို့က လူ့အခွင့်အရေး လှုပ်ရှားသူ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)အား ထောင်လွတ်ရက်စေ့ချိန် အပြင်ရောက်မလာဘဲ အဆက်အသွယ် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အသက်အန္တရာယ် စိုးရိမ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ဒီနေ့ ဇွန်(၂၇)ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက် မနက်(၄)နာရီမှာ စစ်အုပ်စုက မန္တလေးမြို့မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)အား ဖမ်းဆီးသွားခဲ့ကာ ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်က စွဲဆိုထားတဲ့ ပုဒ်မ(၆၆)(ဃ)အမှုနဲ့ အမရပူရ တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ်၊ စစ်အုပ်စုရဲ့ ထောင်တွင်း တရားရုံးကနေ ပုဒ်မ(၅၀၅)(က)နဲ့ နောက်ထပ် ထောင်ဒဏ်နှစ်နှစ်၊ စုစုပေါင်း လေးနှစ် ချမှတ်ခဲ့ပြီး ယခု ဇွန်(၂၀)ရက်မှာ လွတ်ရက်စေ့ပေမယ့် ထောင်အပြင် ရောက်မလာဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံး နေတာလို့ သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင် ဆရာတော် ဦးဓမ္မမေတ္တာက မိန့်ကြားပါတယ်။
“မလွတ်ခင် ရက်နှစ်ပတ်ခန့် လောက်ကတည်းက ဦးသောဘိတ (အလင်္ကာကြယ်) လွတ်တော့မယ့် အကြောင်း ရုံးချိန်းတွေက တဆင့် ကြားသိရပါတယ်။ ထောင်က လွတ်ရက်စေ့တဲ့နေ့မှာ မိသားစုဝင်တွေ သွားရောက် ကြိုဆိုကြပေမယ့် ထောင်ကနေ ထွက်လာတာ မတွေ့ရဘူးလို့ ကြားရပါတယ်။ နောက်ဆက်တွဲ ဘာမှ အဆက်အသွယ် မရတော့တဲ့အတွက် ဦးဇင်းတို့ စိုးရိမ်ပါတယ်” လို့ ဆရာတော် ဦးဓမ္မမေတ္တာက ဆိုပါတယ်။
ဦးသောဘိတ(အလင်္ကာကြယ်)ဟာ တိုင်းပြည် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ ရပိုင်ခွင့် အခွင့်အရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အထင်ကရ ရဟန်းတော် တစ်ပါးဖြစ်ပြီး စစ်အာဏာမသိမ်းခင်ကတည်းက စစ်အုပ်စနဲ့ အပေါင်းအပါတွေရဲ့ အငြိုးထားခံရသူ ဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဦးသောဘိတ(အလင်္ကာကြယ်)သည် လွတ်ရက်စေ့သော ဇွန်(၂၀)ရက် ကတည်းက အိုးဘို အကျဉ်းထောင်တွင် မရှိတော့သလို အကြမ်းဖက် စစ်ကောင်စီက မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်း မသိရဘဲ လက်ရှိအချိန်မှာ မိသားစုနှင့်ပါ အဆက်အသွယ် ပြတ်နေသည်မှာ (၇)ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ဦးသောဘိတ(အလင်္ကာကြယ်)သည် တိုင်းပြည် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ ရပိုင်ခွင့် အခွင့်အရေး များအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သော အထင်ကရ ရဟန်းတော်တစ်ပါး ဖြစ်သည်။ ထို ဆောင်ရွက်ချက်များကို အကြမ်းဖက်စစ်တပ်နှင့် အပေါင်းအပါများက အရပ်သား ဒီမိုကရေစီ အစိုးရ လက်ထက် ကတည်းက (လုံးဝ) မလိုလား၍ အငြိုးအာဃာတကြီးမှုများ ရှိနိူင်သည်။ ထို့ကြောင့် ပြည်သူကို ကျေးဇူးပြုလျက် တရားဥပဒေ စိုးမိုးရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့သော ဦးသောဘိတ (အလင်္ကာကြယ်)၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိပါကြောင်း အသိပေး ထုတ်ပြန်လိုက်ပါသည်” လို့ သံဃသမဂ္ဂ(မန္တလေး) က ဖော်ပြပါတယ်။
ဦးသောဘိတ (အလင်္ကာကြယ်) ထောင်ကလွတ်မယ့်ရက်မှာ စစ်အုပ်စုက ဆရာတော်ရဲ့ ပုံတွေနဲ့တကွ NLD လော်ဘီအဖြစ် စွပ်စွဲကာ လူမှုကွန်ယက်တွေမှာ သတင်းမှား ဖြန့်တာတွေ ရှိခဲ့ပါတယ်။