အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသက်တမ်းတိုးတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးဟင်နရီဗန်ထီးယူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးယူတာမျိုး ပြုလုပ်မယ်လို့ ဗဟိုအလုပ်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ ပုံမှန်အစည်းအဝေးနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုကို ဦးထွန်းမြင့်က အခုလို ပြန်လည်ဖြေကြားလိုက်တာပါ။
“အာဏာသိမ်း သက်တမ်းတိုး အစည်းအဝေးကို တက်ရောက်လာတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအနေနဲ့ အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင်ပြီးတော့ တခုခုကိုတော့ Action လုပ်ပါမယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ အခုလ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်နဲ့ ဗဟိုရေးရာကော်မတီ ဆုံညီအစည်းအဝေးမှာ ချပြပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။” လို့ ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးထွန်းမြင့် က ပြောပါတယ်။
ဦးဟင်နရီဗန်ထီးယူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ်နဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် (၃) ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပြီး ဒုသမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သူပါ။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဉ်မှာ ဖမ်းဆီးမခံရဘဲ ကျန်ရှိခဲ့သူဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာသက်တမ်းတိုးပွဲမှာ လူမြင်ကွင်း ပြန်ထွက်လာတာပါ။