ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတွေကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ မဲခေါင်သတင်းရဲ့ လေ့လာပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA)ပူးပေါင်းတပ်တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ၆ ဦးလုံးက စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပအိုဝ်းလူမျိုးရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “စစ်ကောင်စီက တော်လှန်ရေး အင်အားစုနဲ့ ပြည်သူကြားကို သွေးခွဲတာပေါ့နော်။ မင်းတို့ရွာမှာ PDF ရှိရင် မင်းတို့လည်း သေမယ်၊ အိမ်တွေလည်း ပျက်စီးမယ် ဆိုတာမျိုးပါ့။ မင်းတို့က တော်လှန်ရေး မလုပ်ပေမယ့် သူတို့ကို လက်ခံထားရင် ဒီလိုဖြစ်မယ်။ တစ်ချက်ခုတ် ၂ ချက်ပြတ်ပဲလေနော်။ အရပ်သား ထိရင်လည်း မင်းတို့ လက်ခံထားလို့ ဒီလို ဖြစ်တယ်။ PDF ထိရင်လည်း သူတို့အတွက် ပိုကောင်းတယ် ဆိုတာမျိုးနဲ့ လုပ်တာပေါ့” လို့ ပြောပါတယ်။
ဧပြီလ ၁၀ ရက်၊ ၈ ရက်၊ ၁၈ ရက်၊ ၂၄ ရက်တွေမှာ ဆီဆိုင်မြို့နယ်တွင်းက နောင်သိမ်၊ တွေးပူ၊ ပုံလောင်း၊ နောင်ကျော စတဲ့ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြင်းထန်ဒဏ်ရာရကာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သူ ၅ ဦးအထိ ရှိပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေဟာ နောင်သိမ်၊ တွေးပူ၊ နောင်ကျော၊ ဖြီတခေါ့ စတဲ့ ကျေးရွာခံတွေဖြစ်ကာ အားလုံးဟာ နေရပ်ခဏတဖြုတ် ပြန်လာပြီး ရေနဲ့ စားနှပ်ရိက္ခာ လာရောက်သယ်ယူသူတွေ ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။
အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာကိုလည်း ဧပြီလ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရွာခံ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပအ်ုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA)ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့မှာလည်း စစ်ကောင်စီက ဆီဆိုင်မြို့တွင်း နေရာတွေကို ၁၂၀-မမ လက်နက်ကြီးနဲ့ အကြိမ် ၅၀ ကျော်ပစ်ခတ်ခဲ့ပြီး လူနေအိမ်တချို့နဲ့ ဘာသာရေး အဆောကအဦး အနည်းငယ် မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။