ဧရာဝတီတိုင််းအတွင်းက မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်ဝန်းထဲမှာနေထိုင်တဲ့ မိသားစုဝင်တွေကိုပါ စစ်ကောင်စီတပ်က အပြင်ထွက်သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မိသားစုဝင်တွေကို တပ်ပြင်ထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ပြီးနောက်ပိုင်းမှာ ရိက္ခာခြောက်ထောက်ပံ့တာတွေလုပ်ပေးမယ်ဆိုပြီး ပြောဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
” ခုလိုအပြင်ထွက် အလုပ်မလုပ်ရရင် သူတို့ပေးတဲ့ ရိက္ခာထိုင်စားမယ်ဆိုရင် အကုန်ငတ်သေကုန်မယ်၊ ဘာလို့ဆိုတော့ ရိက္ခာစိုငွေတွေတောင် မပေးနိုင်တာ အတော်ကြာပြီ၊ အပြင်ထွက်ခွင့်ပိတ်လိုက်တော့ ထွက်ပြေးလို့လည်းမရတော့ဘူး”လို့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က အပြင်ထွက်ခွင့်မပေးတော့ဘဲ ရိက္ခာခြောက်တွေထောက်ပံ့ပေးမယ်လို့ ပြောဆိုမှု အပေါ်မှာလည်း ယုံကြည်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အတွင်းမှာလည်း တပ်တွင်းအခြေအနေအတော်ဆိုးနေပြီး တပ်ထဲကနေ မိသားစုဝင်တွေက အပြင်ထွက် ခိုးကြောင့်ခိုးဝှက်နဲ့ထွက်ကာ အလုပ်လုပ်ကိုင်ပြီး မိသားစုဝင်တွေအတွက် စားဝတ်နေရေးဖြေရှင်းနေရတာဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်းနဲ့ လက်ရုန်းတပ်ရင်း စုစုပေါင်း တပ်ရင်း (၂၀)နီးပါးရှိပြီး ဇွန်လဆန်းပိုင်းက စတင်ကာ မိသားစုဝင်တွေကို တပ်ပြင်ထွက်သွားလာခွင့်ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။