ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် အောက်တိုဘာ ၅ ရက်နေ့က PDFသင်တန်းဆင်းလာသူ လေးဦး စစ်ကောင်စီထံ အလင်း၀င်ကြောင်း အခမ်းအနားနှင့် ဝါဒဖြန့်မှု ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသခံများက ပြောသည်။
အလင်း၀င်ရောက်လာသူ လေးဦးကို စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများက ဖော်ပြရာတွင် ကျုံပျော်မြို့နယ်မှ သုံးဦးနှင့် ရေကြည်မြို့နယ်မှ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ရေးသားထားကြသည်။ အဆိုပါ ရေးသားမှုများသည် ဝါဒလျှောက်ဖြန့်မှုသာ ဖြစ်ကြောင်း ဧရာဝတီတိုင်းတော်လှန်ရေး အင်အားစုများက ပြောသည်။
“ သူတို့က အခြားနယ်တွေကို သွားရှောင်နေရင်းနဲ့ မြို့ကိုပြန်ဝင်လာတဲ့အချိန်မှာ အဖမ်းခံရတာကို စစ်ကောင်စီက အလင်းဝင်တယ်လုပ်တာ။ နောက်တစ်ခုပြောချင်တာက PDF က စစ်ကောင်စီထံမှာ သွားရောက် အလင်းဝင်တယ်ဆိုတာကို မရှိဘူး။ အခုလိုမျိုးပြန်ရင်းနဲ့ အဖမ်းခံရတဲ့ သူမျိုးတွေဖြစ်ပြီး ဖမ်းမိတဲ့သူတွေကိုလည်း အလင်းဝင်မလား။ ထောင်အချခံမလားဆိုပြီး နှစ်ချက်ကိုမေးတယ်။ ထောင်တော့ဘယ်အချခံမလည်းဗျာ။ အဲဒီတော့ ကလေးတွေကို ဝန်ခံလက်မှတ်တွေ ထိုးခိုင်းပြီး ရပ်ရွာတွေမှာ အကျယ်ချုပ်ပုံစံမျိုး ဘယ်မှမသွားရ မလာရ စောင့်ကြည့်ခံထားရပြီး မှတ်ပုံတင်တွေပါ အသိမ်းခံထားရတာ။ ခရီးသွားရင်တောင် သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ခွင့်ပြုချက်ရမှ သွားရတာ။ ရှင်းရှင်းပြောရရင် နေအိမ်အကျယ်ချုပ်ပုံစံ နေထိုင်နေကြရတာ” ဟု ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုစစ်ရန်ရှင်းက ပြောပြပါသည်။
PDF သင်တန်းဆင်း လေးဦး လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသည်ဆိုသည်မှာ မဟုတ်ပဲ ခရီးသွားလာရင်း စစ်ကောင်စီက ပုဒ်မတပ် ဖမ်းဆီးထားသူများဖြစ်ပြီး PDF များမဟုတ်ကြောင်း လည်း ဒေသခံများကပြောသည်။
“PDF သင်တန်းဆင်းပြီးထဲက တော်လှန်ရေးမလုပ်ပဲ အိမ်မှာပြန်နေတဲ့သူတွေ ခုလဲ စစ်ကြောရေး တစ်လလောက်လုပ်ပြီး ဘာအမှုမှ မရှိလို့ အလင်း၀င် ပွဲလုပ်ပေးတာ။ ခုတောင်အကျယ်ချုပ်နဲ့နေရမှာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။