ဧရာဝတီတိုင်းတွင် ဇူလိုင်လအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်ဟုဆိုကာ စစ်ကောင်စီတပ်က လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
ညမထွက်ရအမိန့်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှ အချိန်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ခုချိန်ထိ လိုအပ်သလိုဆက်လက်ကျင့်သုံးကာ မထင်ရင် မထင်သလို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
” ခုကရှိတာလား မရှိတာလား သေချာကိုမသိရတော့ဘူး၊ အရင်ကဆို အမိန့်ထုတ်တယ်ဆို လိုက်အော်ပေးတယ်။ ခုက စစ်တပ်၊ ရဲနဲ့ နီးစပ်တဲ့သူတွေပဲသိတယ်။ ကျွန်တော်တို့ အလုပ်သွား အလုပ်ပြန်တဲ့သူတွေ မသိတာများတယ်။ အဲ့တော့ အဖမ်းခံရင်ရင် ပိုက်ဆံကုန်တာပေါ့”ဟု ပုသိမ် ဒေသခံအမျိုးသားတစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်က ညမထွင်ရအမိန့်ကြောင့် ဖမ်းဆီးခံရသူများကို ငွေတောင်းပြီး ပြန်လွှတ်ပေးတာမျိုး ရှိသလို တချို့လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းတာမျိုးတွေလည်း ပြုလုပ်နေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဖမ်းဆီးခံရသူများတွင် ငွေမပေးနိုင်သည့်အပြင် စစ်ကောင်စီတပ်ထဲ မဝင်နိုင်သူများကိုတော့ စစ်ကောင်စီတပ်က ထောင်ဒဏ် ၁ လပြစ်ဒဏ်ချမှတ်လေ့ရှိကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။