ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာအတွင်းသို့ သြဂုတ်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၄၀ နီးပါးဖြင့်စစ်ကြောင်းဝင်ရောက် ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဟိုင်းကြီးကျွန်းရေတပ်မှ အရာရှိတစ်ဦးအပါအဝင်အင်အား ၄၀ ကျော်မှ စစ်ကြောင်းထိုးပုံစံဖြင့် ဝင်ရောက်လာခဲ့ပြီး တော်လှန်းရေးအဖွဲ့များရှိမရှိမေးမြန်း၍ဧည့်စာရင်းစစ်ဆေးမှုလုပ်ဆောင်သွားခဲ့ကြောင်း ဒေသခံများမှပြောသည်။
” ရေတပ်ဗိုလ်ကြီးတစ်ယောက်ရယ်နဲ့ အခြားအဆင့်တွေရယ်စစ်သားတွေရယ်ခေါ်ပြီးကားနဲ့ဝင်လာတာ။ ၄၀ လောက်ရှိတယ်။ တဝက်ကိုရွာအပြင်မှာကင်းပုန်းချပြီးတော့ ကျန်တဝက်ကရွာထဲကိုစစ်ကြောင်းထိုးပြီးဝင်ချလာတာတွေ့ခဲ့ရတယ်” ဟု မျက်မြင်တွေ့ရှိရသည့် ငါးပြေမကျေးရွာ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျေးရွာအတွင်းရှိအိမ်ခြေများအလိုက် ဧည့်စာရင်းစစ်ဆေးခဲ့ကာ တော်လှန်ရေးအဖွဲ့များဖြင့် ဆက်သွယ်မှု ရှိ/မရှိ ခြိမ်းခြောက်မေးမြန်းသွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများကပြောဆိုသည်။
” တအိမ်တက်တအိမ်ဆင်းနဲ့ ဧည့်စာရင်းစစ်သွားတယ်။ PDF အဖွဲ့တွေနဲ့ဆက်သွယ်နေလားမေးသွားတယ်။တကယ်လို့ဆက်သွယ်တဲ့သူတွေရှိရင်သိရင်သတင်းပေးဖို့ပေါ့။မပြောရင် အကြမ်းဖက်ဥပဒေ နဲ့ဖမ်းမယ်။သေဒဏ်အပေးခံရမယ်။ဆိုပြီးခြိမ်းခြောက်သွားတယ်” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူကျေးရွာဒေသခံအမျိူးသမီးတစ်ဦးကဆိုသည်။
ဟိုင်းကြီးကျွန်းမြို့နယ်တွင်ပြီးခဲ့သည့် ဇွန်လပထမအပတ်ကစပြီး ကျေးရွာနေရာများအလိုက်စစ်ကောင်စီတပ်များကိုစစ်ကြောင်းထိုးပုံစံဖြင့် ဧည့်စာရင်းစစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။