ဧရာဝတီတိုင်းမှာ မေလ ၁၀ ရက်နေ့ မနက်ပိုင်းထိ မုန်တိုင်းရှောင်တဲ့ပြည်သူအရေအတွက် ၆၀၀၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
မုန်တိုင်းရှောင်နေရတဲ့ဒေသတွေကတော့ လပွတ္တာနဲ့ မြောင်းမြမြို့က ဖြစ်ပြီး အများဆုံးကတော့ လပွတ္တာ မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ကျေးရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
“ မြို့ပေါ်တက်ရှောင်တဲ့သူတွေလည်းရှိတယ်၊ ပြီးတော့ ကျေးရွာတွေမှာ ဆောက်ပေးထားတဲ့ ဆိုင်ကလုန် ရှက်တာတွေမှာ ရှောင်နေတဲ့သူတွေလည်းရှိတယ်၊ လောလောဆယ်တော့ ပြည်သူအချင်းချင်းပဲ ထောက်ပံ့ ပေးပြီး စားသောက်နေရတာ”လို့ လပွတ္တာမြို့ခံ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး ရှာဖွေကယ်ဆေးရေးတွေ လုပ်ဖို့ အသင့်ပြင်ထားကြောင်း ဓါတ်ပုံတွေနဲ့ဖော်ပြနေပေမယ့် မြေပြင်က မုန်တိုင်းရှောင်ပြည်သူတွေကို ထောက်ပံ့ ကူညီပေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း မုန်တိုင်းရှောင်နေရတဲ့ မြို့နယ်တွေမှာ လပွတ္တာ မြို့နယ်အတွင်းမှာ ၅၀၀၀ နီးပါး၊ မြောင်းမြမြို့မှာ ၅၀၀ ကျော်နဲ့ မော်ကျွန်းမြို့မှာ ၅၀၀ ကျော်ထိရှိနေပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မုန်တိုင်းရှောင်နေရတဲ့ ပြည်သူတွေဟာ ကျေးရွာစာသင်ကျောင်း၊ ဘုန်ကြီးကျောင်းနဲ့ မြို့ပေါ်တက်ရှောင်လို့ နေရတာအဆင်ပြေပေမယ့် စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၀၈ ခုနှစ် မေလပိုင်းက နာဂစ်မုန်တိုင်းကြောင့် လူသိန်းနဲ့ချီသေဆုံးခဲ့တာကြောင့် ခုလိုမျိုး မုန်တိုင်းသတင်းကြားတာနဲ့ ရှောင်တိမ်းနေထိုင်တဲ့သူ များလာပြီး ဒါဟာ ကောင်းတဲ့အချက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။