အခြေခံစစ်သင်တန်း တက်ရောက်၍မပြီးဆုံးသေးသည့် ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်သား ၁၀၀ ဦးထက်မနည်းကို ရှမ်းမြောက်ရှေ့တန်းသို့ စေလွှတ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုသိမ်မြို့ ခမရ-၃၀၆ တပ်တွင်း၌ စစ်သင်တန်းတက်ရာက်နေသည့် သင်တန်းသား( ၆၀) ဦးထက်မနည်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းသို့ စေလွှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားခဲ့ကြောင်း ခမရ- ၃၀၆ တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရှိရသည်။
“ရှမ်းမြောက်ကို ပထမတစ်သုတ်ပို့လိုက်တယ်။ လူအင်အားထပ်လိုတော့ တပ်ထဲမှာအင်အားလိုတာနဲ့ သင်တန်းတက်တဲ့သူတွေကိုပို့လိုက်တာ။နတခ ကနေညွှန်ကြားတဲ့သဘောပြောလို့ရတယ်။နောက်ထပ်လည်းသင်တန်းအမြန်ဆင်းခိုင်းပြီး ထပ်ပို့မယ်လို့ကြားထားတယ်”ဟု ခမရ- ၃၀၆ တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။
အလားတူသာပေါင်းမြို့နယ်တွင်လည်း ပုသိမ်မြို့ ခလရ- ၃၈ ထံ စစ်သင်တန်းတက်ရောက်နေသူ ၄၀ ဦး ကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် သင်တန်းသား ၆၀ဦးထက်မနည်းကို ရှေ့တန်းထပ်မံပို့ဆောင်သွားမည်ဖြစ်ကြောင်း ခလရ-၃၈ နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ် ထံကသိရှိရသည်။
“ ခလရ-၃၈ မှာစစ်သင်တန်းတဲ့သူထဲက၄၀လောက်ကို ရှမ်းမြောက်ကိုပို့လိုက်ပြီ ။ ကျန်တဲ့သူတွေကိုလည်း သင်တန်းအခြေအနေကြည့်ပြီးထပ်ပို့ဖို့ရှိနေတယ်”ဟု ခလရ-၃၈ နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောပါသည်။