မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ထဲက ဧရာဝတီမြစ်ထဲသွားလာနေတဲ့ စစ်အုပ်စုဝင်တွေလိုက်ပါလာတဲ့ရေယာဉ်ကို လမ်းပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအသေအပျောက်ရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃) ကထုတ်ပြန်ပါတယ်။
ဇွန် (၁၈) ရက် ညနေ (၅) နာရီခန့်က မြင်းခြံ၊လင်ကြီးဆိပ်ကမ်းအနီးမှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ရေယာဉ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စု (၁၀) ယောက်ခန့်သေတယ်လို့ဆိုပါတယ်။
“မြင်းခြံမြို့နယ်၊ လင်ကြီး ဆိပ်ကမ်းတွင် ဖြတ်သန်း စီးဆင်း လာသော စခ အများပြားပါရှိတဲ့အမြန်ရေယာဥ် အား ကျွန်ုပ်တို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ နှင့်အတူ မဟာမိတ်အဖွဲ့များမှ လက်နက်ကြီး လက်နက် ငယ်တို့ဖြင့် ပစ်ခတ် ခဲ့ရာ စခ အများအပြား (၁၀)ကောင်ထက်မနည်း ငရဲသို့သွားကြောင်းကြားသိခဲ့ရပါသော်လည်း ခွေးကောင်ရေအရေအတွက် အတိအကျမသိရှိရသေးပါ”လို့ဖော်ပြပါတယ်။
တိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃) ၊ Burmese Guerrilla Force-BGF ၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့နဲ့ အမေ့လက်ရုံး အဖွဲ့ တွေပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ စစ်အုပ်စုအရေအတွက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်အုပ်စုကလည်းတစ်စုံတစ်ရာဖော်ပြတာမတွေ့သေးပါဘူး။