ဩစတြေးလျနိုင်ငံမှာ ဧပြီ ၆ ရက်က ပြုလုပ်ခဲ့တဲ့ ကယန်းအမျိုးသားနေ့နဲ့ စစ်ဘေးရှောင် ရံပုံငွေပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ၊ ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ ဒုဝန်ကြီး ခွန်းဗဟန်းထန် က “ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင် တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ အင်တိုက်အား တိုက်ပါဝင်နေတာဖြစ်ပါကြောင်း၊ ကယန်းလူမျိုးများအနေဖြင့် ရှေးအဆက်ဆက် ပဒေသရာဇ် ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှစတင်ကာ ယခုလက်ရှိ နွေဦးတော်လှန်ရေးအထိ အင်တိုက်အားတိုက် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် အတူပါဝင် နေပါကြောင်း၊ တော်လှန်ရေး သုံးနှစ်ကျော်ကြာလာတာနဲ့အမျှ စိတ်ဓါတ်ကျခြင်းမရှိဘဲ၊ မြေပြင်တွင် တိုက်ပွဲဝင်အသက်ပေးခဲ့ကြသည့်ရဲဘော်များ၊ အသက်ရှင်လျက် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ ကြ သည့် ရဲဘော်များ၊ ဒုက္ခအတိရောက်ရှိနေကြသည့် မိဘပြည်သူများအား ပြန်လည်အောက်မေ့ သတိရပြီး စိတ်ဓါတ်ကို အမြင့်ဆုံးထားရှိကာ တော်လှန်ရေးကို ဆက်လက်ပါဝင်အားပေးကြဖို့ တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့ပါတယ်။
ကယန်းအမျိုးသားနေ့နဲ့ စစ်ဘေးရှောင် ရံပုံငွေပွဲကို ကယန်အမျိုးသား ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေး နဲ့ ကယန်းဒေသမှာရှိတဲ့ စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေးတို့အတွက် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။