စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ပိတ်ထားတဲ့ မဟာမြိုင် လမ်းမကြီးကို ယနေ့ ဩဂုတ်လ(၂၆)ရက်နေ့ မနက်(၈)နာရီ ကနေစတင်ပြီး အသုံးပြုလို့ရနေပြီလို့ မော်တော်ယာဉ် အသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။
“ဒီမနက်(၈)နာရီလောက်ကစပြီး အဲ့ဒီလမ်းပိုင်းမှာ ပိတ်မိတဲ့ကားတွေကို ထွက်ခွင့်ပေးတယ်ပေါ့၊ အခုချိန်မှာ ကျနော်တို့ကားတွေလဲ ထွက်လာတဲ့ထဲပါတယ်ပေါ့နော်၊ ညနေလောက်တော့ရောက်မယ်”လို့ပြောပါတယ်။
ကလေး-ရေဦး မဟာမြိုင်လမ်းမကြီး ပိတ်ထားတာ(၁)လနီးပါးကြာမြင့်နေပြီဖြစ်ပြီး လမ်းမကြီးပိတ်ထား တာကြောင့် ကလေးမြို့နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့တို့မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း မြင့်တက်တာ၊ ဓာတ်ဆီဈေးနှုန်းမြင့်တက်လာတာတွေ ကြုံတွေ့နေကြရတယ်လို့ အဲ့ဒီဒေသခံတွေကပြောပါတယ်။
ယခင် အာဏာမသိမ်းမီက ကလေးမြို့နဲ့ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်၊တွန်းဇန်၊ ဖလမ်းစတဲ့မြို့နယ်တွေ ကုန်စည်စီးဆင်းနိုင်ဖို့အတွက် ကလေး-ဂန့်ဂေါ ၊ ကလေး-မုံရွာ (ယာကြီးလမ်း)၊ ကလေး-ရေဦး(မဟာမြိုင်လမ်း)စတဲ့လမ်းမကြီး (၃)ခု အသုံးပြုလို့ရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကလေး-ရေဦး(မဟာမြိုင်လမ်း)တစ်ခုတည်းသာ အသုံးပြုလို့ရနေတာဖြစ်ပါတယ်။