၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLA က အသိပေးလိုက်ပါသည်။
မဖြစ်မနေခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် အသိပေးထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့ မှစပြီး ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ကြေညာကာ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်တပ်စခန်းများကို ဆက်တိုက်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။
ယနေ့ နံနက်တွင်လည်း နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ် ၂ နေရာတွင် တအာင်းတပ်မတော် TNLA၊ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၄ နာရီအချိန်ခန့်က သွားရောက်တိုက်ခိုက်ချေမှုန်း ရှင်းလင်းနိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာဘက်တွင်လည်း ယနေ့ နံနက် ၅ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း (၆) လောင်း၊ လက်နက် (၇)လက်၊ 60 MM မော်တာ (၁)လုံး၊ လက်နက်ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။” ဟု TNLA က ထုတ်ပြန်ထားသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုအခြေအနေကိုတော့ ဖော်ပြထားခြင်း မတွေ့ရပါ။
အောက်တိုဘ ၂၇ နေ့ရက်မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများအတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်စခန်းများနှင့် ပြည်သူ့စစ်စခန်းများ စခန်းပေါင်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA နှင့် TNLA သတင်းရင်းမြစ်များ၏ ဖော်ပြထားချက်အရ သိရသည်။