“၁၀၂၇ စစ်ဆင်ရေး” က စတင်ခဲ့တဲ့ တိုက်ပွဲတွေကနေ “တစ်နိုင်ငံလုံး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး “Nationwide Operation (နိုင်ငံတဝန်းလုံး စစ်ဆင်ရေး)” အဖြစ် ပြောင်းလဲ ဖော်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
” “၁၀၂၇ စစ်ဆင်ရေး” မှ စတင်ခဲ့သော ဤတိုက်ပွဲများသည် “တစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သော စစ်ဆင်ရေး Nationwide Operation” သို ကူးပြောင်းနိုင်မှသာ မိမိတို စစ်ဆင်ရေး အထမြောက်နိုင်မည် ဖြစ်သည်” လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ စစ်ဆင်ရေးဖြစ်တာကို သတိမူသင့်ပြီး လူတိုင်းက ဒီစစ်ဆင်ရေးထဲ ပုံစံတစ်မျိုးမျိုးနဲ့ ပါဝင်ကာ စစ်ဆင်ရေးကို ထောက်ကူဖို့ လိုအပ်မယ်လို့လည်း ဆိုပါတယ်။
“ဟန်ချက်ညီ တိုက်ပွဲများသည်လည်း တစ်ရက်ထက်တစ်ရက် ပိုမိုအရှိန်မြင့်လာကာ စစ်ဆင်ရေးကြီး သည်လည်း တစ်နိုင်ငံလုံးအထိ ပျံ့နှံကူးစက်သွားပြီ ဖြစ်သည့်အတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး ပါဝင် တော်လှန်နိုင်မှသာ အာဏာရှင် အမြစ်ပြုတ်မှာဖြစ်လို့ Nationwide Operationကို ကူးပြောင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း” ညီနောင်မဟာမိတ် သုံးဖွဲ့က ဖော်ပြပါတယ်။
လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေး စစ်ရှိန်မြင့်တက်လာတာနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးတွေလည်း ဖော်ဆောင်နေပြီး တိုက်ပွဲဧရိယာမှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ ကျယ်ပြန့်လာနေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုးကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင် – AA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ(၂၇)ရက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက စတင်ကာ ဖော်ဆောင်ခဲ့ပြီး ဒီနေ့အထိ စစ်ဆင်ရေး (၁၉)ရက်တာ ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်အုပ်စု စခန်း (၂၀၀)နီးပါး သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်၊ နမ့်ခမ်း၊ ကွမ်းလုံ စတဲ့ မြို့ ခုနှစ်မြို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ကရင်နီ၊ ရခိုင်၊ ကချင်၊ ကရင်၊ ချင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်ပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။