ကိုးကန့်တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်များအား ကိုးကန့်တပ်မတော်(MNDAA) တာဝန်ရှိသူများက ယမန်နေ့ (ဒီဇင်ဘာ ၁၆ရက်)တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု MNDAAက အသိပေးထုတ်ပြန်သည်။
နေရာဒေသ ဖော်ပြမထားသော်လည်း နောက်တန်းဆေးရုံ တစ်ခု၌ ဆေးကုသခံနေသော ဒဏ်ရာရရဲဘော်များနှင့် ကျန်းမားရေးအဖွဲ့ဝင်များကို MNDAA တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ ၊ ရှမ်းပြည်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စစ်ရေးကော်မတီတို့မှ ပြောကြားသည့် အမှာစကားများ ပြောဆိုခဲ့သည်ဟုဆိုသည်။
ဒဏ်ရာရလူနာများ၏ ကျန်းမားရေးအခြေအနေကို ဂရုစိုက်မေးမြန်းခဲ့ပီး လူနာများကို (၁၀၂၇) စစ်ဆင်ရေးကြီး ၏ရည်ရွယ်ချက် ၊ရည်းမှန်းချက် နှင့် အောင်မြင်မှုများကိုပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။
MNDAA၏ရဲဘော်အသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှု နှင့် အသက်ပေးဆက်မှုများကြောင့် အောင်မြင်မှု ရရှိကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာရရဲဘော်တို့ စိတ်အေးစွာဖြင့် ဆေးကုသခံယူပြီး အမြန်သက်သာလာပါစေဟုလည်းဆုတောင်းပေးခဲ့ကြောင်း၊ လူနာဆောင်၏ လုပ်ငန်းအခြေအနေများကို လေ့လာပြီး နောက်တန်း နေ ကျန်းမားရေးအဖွဲ့ဝင်နှင့် ထောက်ပို့အဖွဲ့ဝင်များ၏ လုပ်ငန်းများကိုလည်းအသိအမှတ်ပြုကြောင်း၊ လိုအပ်ချက်များကိုလည်း ထောက်ပြခဲ့ကြောင်း ထုတ်ပြန်သည်။