ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်၊ အေးရှားဝေါဂိတ်အနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်တပ် အရာရှိနဲ့ တပ်ကြပ်ကြီး အပါအ၀င် ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီက ပစ်ခတ်မှု ဖြစ်ပွားတာဖြစ်ပြီး စကားများ ရန်ဖြစ်ပြီးနောက် ပြည်သူ့စစ် အဖွဲ့၀င်က လာရောက် ပစ်ခတ်တာလို့ ဆိုပါတယ်။
“အချင်းချင်း ပစ်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြည်သူ့စစ်က စစ်ကောင်စီတပ်ဖွဲ့ကို လာရောက်ပစ်ခတ်တာဖြစ်ပြီး လာပစ်တဲ့ ပြည်သူ့စစ်ကို ဂိတ်အတွင်းရှိ စစ်သားတွေက ပြန်ပစ်သတ်လိုက်တာလို့ သူက ပြောပါတယ်။
“အဲမှာ ထိုင်တာက လုံထန် ပြည်သူ့စစ်နဲ့ စစ်တပ်ပဲ ရှိတယ်လေ။ အရိုးလုတာ နေမှာပေါ့။ ဝေစားမျှစား မမျှလို့” လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ဒီပစ်ခတ်မှု အတွင်း စစ်ကောင်စီ ခမရ (၄၂၁) တပ်က အရာရှိ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနဲ့ ပြည်သူ့စစ် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်ဆိုတာ ကနဦး သိရတယ်လို့ သူက ပြောပါတယ်။
ဖြစ်စဥ် အသေးစိတ်နဲ့ နောက်ဆက်တွဲ ဖမ်းဆီးမှုများ ရှိမရှိကိုတော့ ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မနေ့နဲ့ ဒီနေ့ ၂ ရက် ဆက်တိုက် မူဆယ် မြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။