ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသမှာ ၁၀ ရက်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည် ဆုတ်ခွာနေတယ်လို့ တိုက်ပွဲ၀င်နေတဲ့ BPDF တပ်ရင်းမှူးက ဒီကနေ့ ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည်နဲ့ ဆက်စပ်နေတဲ့ ယာဒိုဒေသမှာ ဇူလိုင်လ ၂၉ ရက်ကစပြီး တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်သွားကာ မနေ့ကနဲ့ ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ တပ်ဖျောက် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ပြန်ငြိမ်သွားပါပြီ။ တော်လှန်ရေးအဖွဲ့တွေက နေရာယူသင့်တဲ့ နေရာမှာ ယူထားပါတယ်။ သူတို့ ( စစ်ကောင်စီ) ဘက်ကတော့ တပ်ပြန်ဆုတ်သွားပါပြီ။ အရင်ဆုံး သံတောင်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းတွေက ပြန်ဆုတ်သွားတာ”လို့ သူကရှင်းပြပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက ယာဒိုဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ဖြန့် တိုက်ခိုက်နေတာဖြစ်လို့ အင်အား အတိအကျကိုတော့ ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ လက်ရှိ စစ်ကောင်စီက တပ်ဖျောက်ထားပြီး ပြန်ဆုတ်နေတယ်လို့ BPDF တပ်ရင်းမှူးက ပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်က ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပေမဲ့ စစ်ကောင်စီက တပ်ဖျောက်ထားတာကြောင့် နယ်ကျွံသွားမှာ စိုးရိမ်ရလို့ ပြင်ဆင်နေဆဲ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာဒိုဒေသမှာ ဇူလိုင်လ ၁၁ ရက်က စစ်သား ၃၀ ခန့် တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ခါနီးအထိ အသာစီးရခဲ့ပေမဲ့ ကျည်မလုံလောက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။