ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအတွက် ၁၁၁၁ စစ်ဆင်ရေး ကာလအတွင်း ရှင်သန်ရပ်တည်ရေး ပိုခက်ခဲလာနိုင်တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းရုံး ((KPPA) ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
၁၁၁၁ စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက လွိုင်ကော်ထောင်တွင်း အခြေအနေဟာ ပိုတင်းကြပ်လာပြီး နိုင်ကျဉ်းတွေနဲ့လည်း ဆက်သွယ်ခွင့် မပေးတာကြောင့် ထောင်ဝင်စာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ယခင်နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိ KPPA ဦးဆောင်ကော်မတီ ဥက္ကဌ တာဝန်ယူထားတဲ့ ရှိုင်းရယ်က “အဓိက ခက်ခဲလာနိုင်တာက စားနပ်ရိက္ခာ ပြတ်လပ်တာနဲ့ လိုအပ်တဲ့ ဆေးဝါးပေါ့နော်။ အဲဒါက အကြီးမားဆုံး အခက်အခဲ ဖြစ်နိုင်တယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လို့ရှိရင် အထဲက သည်းခံနိုင်မှု အတိုင်းအတာကနေတစ်ဆင့် ထောင်ဆူပူမှု ဖြစ်လာနိုင်တယ်။ အဓိကရုဏ်း ဖြစ်တယ် ဆိုရင်တော့ အာဏာပိုင်တွေဘက်က နှိမ်နှင်းမယ်ဆိုရင် အထိခိုက် များနိုင်တယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က စိုးရိမ်တာ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားတုန်းကလည်း လွိုင်ကော်ထောင်က နိုင်ကျဉ်းတွေကို ပိတ်လှောင်တာမျိုး ရှိခဲ့ဖူးပြီး အချိန်အကန့်အသတ်၊ လူဦးရေအကန့် အသတ်နဲ့ပဲ နိုင်ကျဉ်းတွေကို ထွက်ခွင့်ပေးတယ်လို့ ရှိုင်းရယ်က ပြောပါတယ်။
လတ်တလောမှာ လွိုင်ကော်ထောင်တွင်း အခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်ပေးတာမျိုး မရှိတဲ့အပြင် ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ထောင်ကို ဝင်သိမ်းတယ်ဆိုတဲ့ သတင်းမှားတွေကြောင့် နိုင်ကျဉ်းတွေအတွက် လူ့အခွင့်ရေး ချိုးဖောက်ခံရမှာကို မိသားစုဝင်တွေဘက်က စိုးရိမ်နေတယ်လို့ သိရပါတယ်။
“ဒီကာလက စစ်ပွဲကာလဆိုတော့ ထိခိုက်ရှနာတာတွေတော့ ရှိကြတာပဲပေါ့နော်။ ဒါပေမယ့် အကျဉ်းသားတွေ ဆိုတဲ့အတိုင်း သူ့ရဲ့ အခွင့်အရေးဆိုင်ရာ ကိစ္စတွေရှိတယ်။ လူ့အခွင့်အရေး ရှုထောင့်ပေါ် မူတည်ပြီးတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှိတဲ့အတွက်ကြောင့် ဒီကိစ္စကို အာဏာပိုင်တွေက သေချာကိုင်တွယ်ဖို့တော့ လိုတယ်။ ပြီးတော့ သတင်းအချက်အလက်တွေလည်း ပြတ်လပ်နေတဲ့အတွက် သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်လို့ ကျနော်တို့က ယူဆတယ်” လို့ ရှိုင်းရယ်က အခုလို သုံးသပ်ပါတယ်။
လက်ရှိ KPPA အနေနဲ့ နိုင်ငံရေးအကျဉ်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) တို့နဲ့ ချိတ်ဆက်ပြီး လွိုင်ကော် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အပြင် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နဲ့လည်း လက်တွဲပြီး လစ်လပ်နေတဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ကူညီပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။