နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း သေဒဏ်ကွပ်မျက်မှုဟာ ၅ နှစ်အတွင်း အမြင့်ဆုံး ရောက်ခဲ့တယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာ နှစ်စဉ် ထောင်နဲ့ချီပြီး ကွပ်မျက်မှုလုပ်တဲ့ တရုတ်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ကွပ်မျက်မှုတွေကို သတင်းအချက်အလက် ခက်ခဲမှု၊ အတည်ပြုနိုင်ဖို့ ခက်ခဲမှု တွေကြောင့် ထည့်သွင်း တွက်ချက်ထားခြင်း မရှိတာတောင် တစ်နှစ်အတွင်း လူပေါင်း ၈၈၃ ယောက်ကို ကွပ်မျက် ခဲ့တယ်လို့ ဆိုတယ်။
ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ကွပ်မျက်မှုထက် ၅၃ ရာခိုင်နှုန်း ပိုမြင့်တက်လာတာဖြစ်ပြီး ကွပ်မျက်မှုရဲ့ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ အီရန်၊ ဆော်ဒီနဲ့ အီဂျစ်နိုင်ငံတွေမှာ လုပ်ခဲ့တာလို့ အတည်ပြုပါတယ်။
မနှစ်က တစ်ကမ္ဘာလုံး စာရင်းရရှိမှု အနေအထားအရ သေဒဏ်စီရင်မှု အများဆုံးကို ဆော်ဒီနိုင်ငံက လုပ်ခဲ့ပြီး ၅၇၆ ယောက် သတ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က ၃၁၄ ယောက်သာ ကွပ်မျက်ရာက မြင့်တက်လာ တာဖြစ်ကြောင်း၊ ၂၅၅ ယောက်ကို မူးယစ်ဆေးဆက်စပ်မှု၊ ၂၁ ယောက်ကို မုဒိမ်းမှု၊ ၁၈ ယောက်ကို ဘာသာရေး သို့မဟုတ် တမန်တော် ကိုအကြည်ညိုပျက်စေမှုနဲ့ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီက ၂၀၂၁ ခုနှစ်မှာ ၆၅ ယောက်သ သေဒဏ်စီရင်ပေမယ့် ၂၀၂၂ မှာ ၁၉၆ ယောက်အထိ ကွပ်မျက်ခဲ့ပြီး နှစ် ၃၀ အတွင်း သေဒဏ်စီရင်မှု အများဆုံးနှစ် ဖြစ်ခဲ့တယ်။ ဆော်ဒီဟာ ၂၀၂၂ မတ်လအတွင်း တစ်ရက်တည်းမှာပဲ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုအဖြစ် ၈၁ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၄၁ ယောက်က ရှီရိုက် မွတ်ဆလင်တွေ ဖြစ်ကာ ၂ ယောက်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်သူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ ၂၀၂၂ ခုနှစ်အတွင်း ၄ ယောက်ကို သေဒဏ်စီရင်ခဲ့တယ်လို့ ဒီစစ်တမ်းမှာ ဖော်ပြထားပေမယ့် စစ်ကောင်စီရဲ့ မျက်ကွယ်သေဒဏ် စီရင်မှုတွေကို မသိနိုင်တာကြောင့် မှန်းဆဖို့ ခက်ခဲပါတယ်။
၂၀၂၂ ခုနှစ်အတွင်း သေဒဏ်စီရင်မှုကို ဖျက်သိမ်းလိုက်တဲ့ နိုင်ငံသစ် ၆ နိုင်ငံတိုးလာပြီး လက်ရှိ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ၁၂၅ နိုင်ငံက သေဒဏ်ဖျက်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။