NUG အနေဖြင့် သွေးမြေကျမှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်ရေးကို ဦးတည်လျက် “ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီ” ကို ဖွဲ့စည်းပြီး ဓမ္မဘက်ရပ်တည်လာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးလျက်ရှိသည်ဟုသိရသည်။
လက်ရှိအချိန်အထိ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် (၁၄,၀၀၀) ဦးကျော်အား ကူညီဆောင်ရွက် ပံ့ပိုးပေးထားသည်ဟု သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ” သို့ ဆက်သွယ်ပြီး ခိုလှုံလာသော တပ်/ရဲ ဦးရေ (၃၄) ဦးရှိသည့်အနက် (၂၂) ဦးကို လုံခြုံရာသို့ ပို့ဆောင်ပြီးဖြစ်ကာ (၁၂) ဦးအား စီစဉ်ဆောင်ရွက်ဆဲ ဖြစ်သည်ဟု သိရသည်။
အဆိုပါ (၃၄) ဦးတွင် ဗိုလ်ကြီး(၄) ဦး၊ အရာရှိ(၁) ဦး၊ တပ်ကြပ်ကြီး(၄) ဦး၊ တပ်ကြပ် (၂) ဦး၊ ဒုတပ်ကြပ် (၂) ဦး၊ ရဲဘော် (၁၉) ဦး၊ ရထားရဲ (၂) ဦးတို့ပါဝင်ပြီး လက်နက်ခဲယမ်းအနေဖြင့် MA-1 (၃) လက်၊ ၉မမ ပစ္စတို (၂) လက်၊ MA-4 (၁) လက်၊ ၄၀မမ ဗုံးသီး (၅) လုံး၊ လက်ပစ်ဗုံး(၈) လုံးနှင့် ၅.၅၆ နှင့် ၇.၆၂ ကျည် ၁,၀၀၀ နီးပါး ပါဝင်ပါသည်။
ထွက်ခွာလာနိုင်သေးခြင်းမရှိပဲ Pre CDM(ဖရဲသီး) အဖြစ် အတွင်းမှနေ၍ သတင်းအချက်အလက်များ ပေးပို့ပူးပေါင်းလာသူများအနေဖြင့် (၆) ဦး ထပ်မံ ပူးပေါင်းလာခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်သည်။