၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမယ့်နှစ်ဖြစ် စေဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အလေးအနက် ကတိပြုတဲ့အကြောင်း NUCCနဲ့ NUG နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုတရပ်လုံး ဒီနှစ်သစ်မှာ ဘေးကင်းကျန်းမာလုံခြုံစွာနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်မှာ ဆက်လက်အမိန့်နာခံနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေကို ဒီနှစ်သစ်ကူးကြေညာချက်နဲ့ အသိပေးလိုတာက နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံ ပျက်သုဉ်းအောင် ပြုလုပ်နေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ဖို့ အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်းကာ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ပြီး နည်းမျိုးစုံနဲ့ ပြန်လည် ဆန့်ကျင် တော်လှန်ကြဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့အတူ NUCC၊ NUG အနေနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိဖို့ အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။