၂၀၂၄ ခုနှစ်မှာ အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအပေါင်း မျှော်မှန်းတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ကောင်းများဖြင့် ပြည့်စုံတဲ့ နှစ်သစ် ဖြစ်ပါစေလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီနေ့မှာ နှစ်သစ်ဆုတောင်းသဝဏ်လွှာကို ထုတ်ပြန်လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ ၃ နှစ်တာ ကာလအတွင်း အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စုရဲ့ လက်ချက်နဲ့ အမှန်တရားဘက် ရပ်တည်တဲ့ အပြစ်မဲ့ ပြည်သူ ၄,၀၀၀ ထက် မနည်းသေဆုံးကာ ၂၅,၀၀၀ ထက်မနည်း မတရား ဖမ်းဆီး အကျဉ်းချခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ဖက်ဆစ်စစ်အုပ်စုက ပြည်သူတို့ရဲ့ သွေးချွေးများစွာနဲ့ တည်ဆောက်ထားရတဲ့ အိုးအိမ် များနဲ့ စီးပွားရေး လုပ်ငန်းများကိုလည်း ဖျက်ဆီးတာ၊ ပိတ်သိမ်းတာများစွာ လုပ်ဆောင်ခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကိုလည်း ယိုယွင်းပျက်စီးစေရန် လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
“ကုန်ဆုံးခဲ့သော ၃ နှစ်တာ ကာလများသည် ကျွန်ုပ်တို့ လူထုအနေဖြင့်ရင်နှင့် မမျှအောင် ဒုက္ခဝေဒနာများစွာ ခံစားခဲ့ကြရသော နှစ်ကာလများ ဖြစ်သည်မှာ ငြင်းဖွယ်ရာမရှိပေ။” လို့ GSCB က သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေး ၃ နှစ်တာ ကာလပတ်လုံး ပင်ပန်းဆင်းရဲမှုတွေကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ တရက်ပင်မနား ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုတရပ်လုံးကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဦးညွှတ်အလေးပြုအပ်တယ်လို့လည်း ဖော်ပြထား ပါတယ်။
ဒါအပြင် နှစ်သစ်မှာ ပြည်သူလူထုတရပ်လုံးက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတွက် စွမ်းစွမ်းတမံ ဆက်လက်ပါဝင်ကြမယ်ဆိုတာကိုလည်း လေးနက်စွာယုံကြည်တယ်လို့လည်း သဝဏ်လွှာထဲမှာဖော်ပြထားပါတယ်။