၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာအကြမ်းဖက် စစ်ဗိုလ်ချုပ်များ ရယူခွင့်မပြုဘဲ ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးရန် အာဆီယံ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရလက်ထဲမှ အာဏာလုယူ သိမ်းလိုက်သော အကြမ်းဖက် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားချိန်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကိုလည်း စစ်ဗိုလ်ချုပ်များ ရယူနိုင်ခြင်းမရှိတော့ဘဲ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
ယနေ့ ကျင်းပပြုလုပ်သည့် အာဆီယံထိပ်သီး တံခါးပိတ်အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကိုယ်စား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ရယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောဆိုသည်။
“ဖိလစ်ပိုင်အနေနဲ့ ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဖိလစ်ပိုင်သမ္မတက သူ၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ သို့ရာတွင် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအလှည့် ကျ ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့သည်ဆိုသော အခြေအနေကို ဖိလစ်ပိုင်သမ္မတက ရှင်းလင်းပြောဆိုခြင်းမရှိပေ။
မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံဥက္ကဋ္ဌ အလှည့်ကျရာထူး ရယူခွင့်မပြုဘဲ ပိတ်ပင်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများ ဖြစ်ပွားနေခြင်း၊ မြန်မာစစ်ဗိုလ်ချုပ်များကို အသိအမှတ်မပြုသော အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် အာဆီယံအကြား ဆက်ဆံရေး ပျက်စီးမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်ကြောင်း အာဆီယံသံတမန်တချို့ က ပြောဆိုသည်။