ဒီကနေ့ မှာ ကျရောက်တဲ့ (၂၇၁၅)နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့မှာ တအာင်း တိုင်းရင်းသားပြည်သူတွေနဲ့အတူ ပြည်ထောင်စုဖွား ညီနောင်သားချင်းအားလုံး ရွှေရောင်ထွန်းလင်းမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံကြွယ်ဝ ဘေးရန်အပေါင်းကင်းဝေးကာ ကျန်းမာချမ်းသာစွာနဲ့ နှစ်သစ်အခါသမယကို ကြိုဆိုဖြတ်သန်းနိုင်ကြပါစေလို့ CRPH က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
အာဏာရှင်စနစ် ကြီးစိုးသောနိုင်ငံမှာ ဒီစနစ်ဆိုးကို အကြွင်းအကျန်မရှိိ အပြီးသတ်ပပျောက်ရေးအတွက် အသက်၊ ခန္ဓာ ရင်းနှီးပေးဆပ်ကာ တော်လှန်ဆန့်ကျင်ပါဝင်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်နဲ့ ဒီနေ့နွေဦးတော်လှန်ရေးက တအာင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သူရဲကောင်းအပေါင်းတို့ရဲ့ ဂုဏ်ရည်ကို မိမိတို့အနေနဲ့ ဒီ သဝဏ်လွှာကနေ တစ်ဆင့် အလေးအနက်ထား ဦးညွှတ်လိုက်တယ်လို့ဆိုပါတယ်။
ထူးမြတ်အခါသမယဖြစ်တဲ့ (၂၇၁၅) နှစ်မြောက် တအာင်း နှစ်သစ်ကူးနေ့ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ပြည်ထောင်စုတဝှမ်းက တအာင်းတိုင်းရင်းသား ပြည်သူတွေနဲ့အတူ တခြား တိုင်းရင်းသား ညီအစ်ကိုသွေးချင်းတွေအားလုံးတို့က နွေဦးတော်လှန်ရေးရည်မှန်းချက်တွေကို လက်တွေ့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြကာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ခိုင်မာသောစုဖွဲ့မှုတွေနဲ့ ဆက်လက်တည် ဆောက် အကျိုးပြုနိုင်ကြပါစေကြောင်း မိမိတို့အနေနဲ့ ဆန္ဒပြုကာ ဒီဂုဏ်ပြုသဝဏ်လွှာကို ဝမ်းမြောက်စွာ ပေးပို့လိုက်တယ်လို့ CRPH က ဆိုပါတယ်။