၂ နှစ်တာကာလအတွင်း PDF တပ်တွေကို ရိက္ခာနဲ့ အသုံးစာရိတ်ထောက်ပံ့မှု ၁၆ ကြိမ်ရှိရာမှာ ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ စုစုပေါင်း ၁၅. ၇ သန်းရှိတယ်လို့ NUG အစိုးရက ဒီနေ့မှာထုတ်ပြန်ပါတယ်။
နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီထောက်ပံ့မှုဟာ ရိက္ခာနဲ့ အထွေထွေ အသုံးစာရိတ်တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။
ပြည်သူတွေရဲ့ ထည့်ဝင်ထောက်ပံ့မှုနဲ့ ရရှိတဲ့ဘဏ္ဍာငွေတွေထဲမှာ အများဆုံး အသုံးပြုတဲ့ စာရိတ်ဟာ လက်နက်တပ်ဆင်ရေး ၊ ထုတ်လုပ်ရေး ၊စစ်ဆင်ရေးစာရိတ်တွေ ဖြစ်တယ် လို့ NUG မှ သိရပါတယ် ။
နောက်ဆုံးပေးပို့တဲ့ ၁၆ ကြိမ်မြောက် ထောက်ပံ့စရိတ်ဟာ အမေရိကန် ဒေါ်လာ ၁ သန်းခန့်ရှိတယ်လို့လည်း NUG က ဆိုပါတယ်။
ဒီလိုထောက်ပံ့ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်အနက် ဒေါ်လာ ၁၃ . ၅ သန်းဟာဆိုရင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် အစီအစဉ်ရဲ့ ၂၁ လတာကာလအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေထဲကဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။