အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ၃ နှစ်တာအတွင်းမှာ ဆေးရုံ ၊ ဆေးခန်း နဲ့ ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်ကနေ ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်အတွင်းမှာ ဆေးရုံ ၇၇ ၊ ဆေးခန်း ၃၇၇ နဲ့ ရွေ့လျား ဆေးခန်း ၂၅၀ စုစုပေါင်း ၇၀၄ ခုမှာ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ခဲ့တာပါ။
ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ကဏ္ဍမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ်နဲ့ ခွဲစိတ်ခြင်း နဲ့ လွှဲပြောင်းကုသခြင်း တို့ပြုလုပ်ပေးပြီးတော့ ပဏမကျန်မာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေး အဖြစ်နဲ့ ပြင်ပလူနာ (ဆေးခန်း ၊ ရွေ့လျားဆေးခန်း) ၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ(TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်း ၊ ကျန်းမာရေးပညာပေးခြင်း တွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးတာမှာ ၂၀၂၁ ခုနှစ် မတ်လ ကနေ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ ၁,၁၅၈,၃၇၇ ၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ၊ လူနာလွှဲပြောင်း ပို့ဆောင်မှု ၄၁၄၀ တို့ လုပ်ဆောင်ခဲ့ပါတယ်။ အခုဖော်ပြထားတဲ့ အချက်အလက်က ကျန်းမာရေး ဆေးရုံ ၊ ဆေးခန်း ၇၀၀ ကျော်အနက ၂၂၁ ခုထံကနေ သတင်းပို့တဲ့ အစီရင်ခံစာတွေကို ကိုးကားဖော်ပြခဲ့တာလို့ ဆိုပါတယ်။
မြေပြင်မှာ အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်က ၃ ဆကျော် ပိုမိုများပြားနိုင်တယ်လို့ လည်း အသိပေးထုတ်ပြန်ထားပါတယ်။