စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း အင်အား ၂၀၀ ပါတဲ့ စစ်ကောင်စီအုပ်စုကို ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။
ဆားတောင်အနောက်ဘက်အခြမ်းကို စစ်သား၊ ရဲ၊ ပျူ အင်အား ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ဇွန်လ ၁၃ ရက်ကစပြီး သာဇင်ရွာမှာ မနက် ၁၀ နာရီမှာ ၁ ကြိမ်၊ ၁၄ ရက်မှာလည်း ၁ ကြိမ်၊ ဇွန်လ ၁၅ ရက် ဒီနေ့တော့ ပေါက်မရွာမှာ ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က ၄၀ မမတွေနဲ့လည်း ပစ်ခတ်နိုင်ခဲ့တယ်။ ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အလောင်းတောင်မကောက်နိုင်ဘဲ ဒဏ်ရာရတဲ့ကောင်တွေကိုသယ်ပြီး ဘုန်းကြီးကျောင်းထဲမှာ ဆေးကုတာတွေလုပ်ကြတယ်။” လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
စစ်ကောင်စီဘက်က ဇွန်လ ၁၃ ရက် တိုက်ပွဲမှာ ၁၀ ဦးသေဆုံးပြီး ဇွန်လ ၁၅ ရက်မှာ အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်က ၆၀ မမ လက်နက်စ မှန်လို့ ၆ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီပစ်ခတ်မှုကို Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇- မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ဆားတောင်မိုကြိုး၊ တပ်ရင်း ၁ စစ်ကိုင်းခရိုင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။