၄၈ နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာထဲမှာ အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အားလုံးသော တော်လှန် ရေးအင်အားစု အသီးသီးနဲ့ စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်လျက် မဆုတ်မနစ်ဇွဲလုံ့လထားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ကြိုးစားတည်ဆောက်သွားမှာ ဖြစ်ကြောင်း လေးနက် တည် ကြည်စွာ ကတိပြုတယ်လို့ ဖော်ပြထားပါတယ်။
တိုင်းပြည်နဲ့ လူမျိုးတို့အတွက် အသက်ဉာဏ်စွမ်းတို့ကို ပေးဆပ်ခဲ့ကြရတဲ့ အာဇာနည် သူရဲ ကောင်းအပေါင်းတို့ကို အောက်မေ့သတိရဂုဏ်ပြုတဲ့ အထိမ်းအမှတ်နေ့တွေ သတ်မှတ်ကျင်းပခဲ့ကြရာ ဒီနေ့ (၄၈)နှစ် တိုင်ခဲ့ပြီဖြစ်တဲ့ ကချင်အာဇာနည်နေ့မှာ ခေတ် အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးတို့အတွက် အသက် ပေးခဲ့ကြရတဲ့ ကချင်လူမျိုးတွေရဲ့ ဇာတိသွေး၊ ဇာတိမာန်နဲ့ ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာ ခံတဲ့ လေးစားဖွယ်ရာ စိတ်ဓာတ်တွေကို မိမိတို့အနေနဲ့ ဂုဏ်ယူစွာ အလေးအမြတ် ပြုလိုတယ်လို့ ဖော်ပြထားပါတယ်။
အခုနွေဦးတော်လှန်ရေးမှာလည်း ကချင်တမျိုးသားလုံးနဲ့ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူ အခွင့် အရေးတွေရရှိနိုင်ရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး တို့မှာ အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နဲ့ အင်တိုက်အားတိုက် စုစည်းမှုအသီးသီး ဖော်ဆောင်လျက် တိုက်ပွဲဝင်ရင်း တော်လှန်ရေးတာဝန်တွေကို မဆုတ်မနစ် ကျေပွန်စွာ ထမ်းဆောင် လျက်ရှိတဲ့အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။