၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၏ မိခင်ဖြစ်သူ ဒေါ်အမာညွန့်သည် ဇူလိုင် ၆ ရက်တွင် ကွယ်လွန်ခဲ့ရာ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ မီးသွင်းသင်္ဂြိုလ်ခဲ့သည်။
အာဏာသိမ်းစစ်တပ်က ၂၀၂၂ ဇူလိုင်တွင် ဦးဂျင်မီကို ကွပ်မျက်သတ်ဖြတ်ခဲ့ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဦးဂျင်မီ၏ မိခင်ဖြစ်သူမှာလည်း ပြည်ပသို့တိမ်းရှောင်ခဲ့ရကာ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အမာညွန့်၏ နာရေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၊ ရင်နှီးချစ်ခင်သူအများအပြားက လွမ်းသူ့ပန်းခွေပေးပို့ခဲ့ကြသလို မြန်မာပြည်သူရာနှင့်ချီကာ ပို့ဆောင်ပေးခဲ့ကြသည်။
“ဒီနေ့နာရေးက လူတော်တော်များတယ်။ ဦးဂျင်မီရဲ့ရဲဘော်ရဲဘက်တွေ၊ အသိမိတ်ဆွေတွေ၊ ချစ်ခင်သူတွေကြောင့်လို့ ထင်တယ်လေ” ဟု နာရေးပို့ဆောင်သူတစ်ဦးက မှတ်ချက်ပြုသည်။
ဦးကျော်မင်းယု(ခေါ်)ဦးဂျင်မီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ထင်ရှားသည့်ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခင်စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုတွင်လည်း ဦးဂျင်မီသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ ပြည်သူလူထုနှင့်အတူ ရပ်တည်ခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ဦးဂျင်မီကို အကြမ်းဖက်ဖမ်းဆီးအပြီး ၉ လအကြာတွင် ကြိုးပေးကွပ်မျက်ကြောင်း ကြေညာခဲ့သည်။ ဦးဂျင်မီနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နာမည်ကြီးအဆိုတော်လည်းဖြစ်သူ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့သည်။