စစ်အာဏာရှင် ချေမှုန်းရာမှာ ပိုမိုထိရောက်ဖို့ အတွက် လတ်တလော လိုအပ်နေတဲ့ 79-M4 ဗုံးပစ်လောင်ချာ အတွဲ ဝယ်ယူဖို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်ရဲ့ နေအိမ် မဲကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီကမ်ပိန်းကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ် ပြုလုပ်တာဖြစ်ပြီး အမှန်တကယ် လိုအပ်နေတဲ့ 79-M4 အတွဲ ဝယ်ယူနိုင်ဖို့ ရည်ရွယ်တယ်လို့ တပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်တေဇက ပြောပါတယ်။
“တကယ်လိုအပ်လို့ မဲကမ်ပိန်း အခုမှ စလုပ်တာပါ။ ပထမဆု ကတော့ နေပြည်တော်က ကျွန်တော့် အိမ်ဝိုင်းလေးကို မဲဖောက်ပေးမှာပါ” လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တေဇက ပြောပါတယ်။
မဲတစ်စောင်ကို မြန်မာငွေ ၂၀,၀၀ဝ ကျပ်၊ ထိုင်းငွေ ဘတ် ၂၅၀ သတ်မှတ်ထားပြီး နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာကို ဆက်သွယ်ကာ ဇွန် ၁၄ ရက်မှ သြဂုတ် ၁၄ ရက်နေ့ အထိ ဝယ်ယူနိုင်ပြီး မဲအစောင်ရေ ၂,၅၀၀ ရောင်းရဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
“၂ နှစ်ကျော် ကာလ အတွင်းမှာ အုပ်ချုပ်ရေး အပိုင်းဘက်က စီမံခန့်ခွဲမှု အားနည်းချက် အချို့ကြောင့် တချို့ ရဲဘော်တွေ စိတ်ပျက်တာကလွဲလို့ တော်လှန်ရေးအပေါ် ဘယ်သူမှ စိတ်ပျက်မသွားပါဘူး” လို့ ဗိုလ်တေဇ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က လယ်ဝေးမြို့မရဲစခန်းနဲ့ ဒက္ခိဏသီရိမြို့နယ် MICC-2 ခန်းမ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ဖမ်းဆီးခံရသူတွေဟာ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေ မဟုတ်သလို နေပြည်တော် (၈၀၅) PDF တပ်ရင်း ရဲဘော်တွေလည်း မဟုတ်ဘူးလို့ သိရပါတယ်။
တပ်ဖွဲ့ သက်တမ်း ၂ နှစ်ကျော် ကာလ အတွင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ကျဆုံးပြီး တစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဗိုလ်တေဇ ထံမှ သိရပါတယ်။