ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သောကြောင့် နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မေလ ၂ ရက်နေ့နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မာလ်ဆောမ်ကျေးရွာကို တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ မေလ ၂ ရက်နေ့ ဗုံးကျဲ တိုက်ခိုက်မှုတွင် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရှိရသည်။
မာလ်ဆောမ်ရွာသည် ဟားခါးမြို့နှင့် ၃၅ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၅၀၊ လူဦးရေ ၂၅၀ ကျော်နေထိုင်ပြီး ကျေးရွာနေ ပြည်သူများသည် ဧပြီလ ၃၀ရက်နေ့က စတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။