ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှတ်တိုင် အနီးမှာ ဒီကနေ့ မနက်ပိုင်းက YBS 61 ယာဉ်တိုက်ခံရလို့ အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက မဲခေါင်သတင်းဌာနကို အတည်ပြု ပြောပါတယ်။
ဒီကနေ့ မေလ ၆ ရက်၊ မနက် ၉ နာရီကျော်က လှည်းတန်း၊ အင်းစိန်လမ်း၊ အနော်ရထာအိမ်ရာဘက် အခြမ်း၊ လှည်းတန်း မှတ်တိုင် အနီး လမ်းကူးနေတဲ့ အမျိုးသမီးကို YBS 61 ယာဉ် ဝင်တိုက်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
“လူကူးခုံးကျော် တံတားပေါ်ကသာ ကူးနိုင်ခဲ့ရင် သေမှာ မဟုတ်ဘူး။ အဲဒီ တံတားတွေ ဆောက်ပြီး လူတွေကို ပေးမကူးလို့ ခုလို ဖြစ်ရတာ။ မီးပွိုင့်က သူတောင်းစား ပေါင်းစုံက ပိုက်ဆံတောင်းဖို့နဲ့ လူတွေကို စစ်ဖို့လောက် အာရုံလာတာ။ ခုတော့ သေတဲ့သူလည်း သေရတယ်၊ ကားနဲ့ တိုက်တဲ့သူလည်း ပြဿနာတက်ပြီလေ။ မီးပွိုင့်နဲ့ ဆိုလည်း နီးနီးလေးမှာ ဖြစ်သွားတာ” လို့ သူကပြောပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားတဲ့ နေရာဟာ လှည်းတန်း လမ်းဆုံ စစ်တပ် ဘန်ကာဘေး ဖြစ်လို့ စစ်ကောင်စီတပ်က ဓာတ်ပုံ ရိုက်ကူးသွားပြီး အလောင်းကိုတော့ ကမာရွတ်မြို့နယ် လူမှုကူညီရေးအသင်းက ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။