ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်တွေ ပညာသင်ကြားဖို့ အခွင့်အလမ်းမရှိဖြစ်နေတာ ၄ နှစ်ကျော်ထိရှိလာပြီလို့ ဆီဆိုင်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နီးစပ်တဲ့ ဆီဆိုင်မြို့နယ်ဆီ တိုက်ပွဲရှောင်လာကြတဲ့ စစ်ဘေးရှောင်ကလေးတွေဟာ ကိုဗစ်ကာလ စာသင်ကျောင်းတွေ ပိတ်ထားပြီး ပြန်တက်ဖို့ ပြင်ဆင်နေချိန် စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရင်း ပညာသင်ကြားဖို့ အခွင့်အလမ်းမရှိ ဖြစ်နေတာပါ။
ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်ကြသူအများစုမှာ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ကြသူတွေ အများစုဖြစ်ပြီး ပြည်သူ ၈၀၀၀ ကျော်နဲ့ ၁၈ နှစ်အောက် ကလေးငယ် ၂၀၀၀ ခန့် ရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူက ပြောပါတယ်။
“အတန်းနဲ့လူနဲ့ မလိုက်တော့တာတွေ ဖြစ်ကုန်တာပေါ့၊ တချို့ကလေးတွေဆို အသက်က ၁၁ နှစ်ရှိပြီ၊ အခုမှ မူကြိုပဲရှိသေးတာ” လို့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအခြေအနေကို သူက ပြောပြပါတယ်။
ကိုဗစ်ကာလ စာသင်ကျောင်းတွေ တစ်နှစ်ပိတ်ထားရပြီး စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ပညာရေးဟာ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရတာပါ။
စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် ရတဲ့အချိန် ပညာသင်ကြားပေးဖို့ ကြိုးစားလုပ်ဆောင်ပေမယ့် တိုက်ပွဲတွေမကြာခဏဖြစ်လို့ နေရာပြောင်းရွေ့ရတာတွေကြောင့် ပညာသင်ကြားပေးဖို့ အခက်အခဲရှိကြောင်း သူကရှင်းပြပါတယ်။
“စခန်း(စစ်ရှောင်)မှာ ယာယီကျောင်းလေးတွေ လုပ်ပြီးတော့ စေတနာ့ဝန်ထမ်းဆရာမလေးတွေ လာသင်တယ်။ စစ်ရှောင် အချင်းချင်းပြန်သင်ပေးတာလည်းရှိတယ်။ သင်ပေမယ့်လည်း မူကြိုတို့ဘာတို့ပဲ အဆင်ပြေတယ်။ အတန်းကြီးသွားရင်တော့ အဆင်မပြေဘူး” လို့ သူကပြောပါတယ်။
ကရင်နီပြည်နယ်လို့ လူသိများတဲ့ ကယားပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရသူဦးရေဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့ပြီးရင် တတိယအများဆုံးနေရာမှာရှိတယ်လို့ ISP Myanmar က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ရှောင်မိဘတွေက စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေမှာ ကျောင်းမအပ်ချင်တဲ့ မိဘတွေရှိသလို၊ တချို့မိဘတွေကလည်း စစ်ကောင်စီရဲ့ ကျောင်းတွေမှာ အပ်ချင်ပေမယ့် ကျောင်းလွှဲပြောင်းစာ စာရွက်စာတမ်းတွေမရှိတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေကလည်း သူတို့ကလေးတွေကို စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ စာမသင်စေချင်ကြသလို၊ တစ်ချို့ကတော့ သင်စေချင်ပေမဲ့ ကျောင်းလွှဲပြောင်းစာလို အရာမျိုးတွေ မရှိတဲ့အတွက် စာသင်ကြားလို့ အဆင်မပြေဖြစ်နေကြတယ်လို့ ဆီဆိုင်မြို့နယ် စစ်ရှောင်ကူညီနေသူ တစ်ဦးပြောပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့အတူ စစ်အာဏာရှင်စနစ်အောက်မှာ စာသင်ကြားလိုခြင်းမရှိတဲ့ ကျောင်းသားတွေ ၊ ဝန်ထမ်းတွေ က အာဏာဖီဆန်လှုပ်ရှားရေး-CDM ကိုလုပ်ဆောင်ခဲ့လို့ စာသင်ကျောင်းတွေ အများစု ရပ်နားသွားခဲ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပြန်ဖွင့်ပြီး သင်ကြားပေးနေပေမဲ့ နိုင်ငံတစ်ဝှမ်း စစ်တပ်ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီဖွင့်တဲ့ စာသင်ကျောင်းတွေမှာ ပြန်မတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူ အများစုရှိနေဆဲပါ။
အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ ပညာရေးဝန်ကြီးဌာနကလည်း အွန်လိုင်းစာသင်ကျောင်းတွေဖွင့်ပြီး စစ်ရှောင်ကလေးငယ်တွေ၊ CDM ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားပေးဖို့ လုပ်ဆောင်ပေမဲ့ လုံခြုံရေးပေါက်ကြားမှုတွေ၊ အင်တာနက်အခက်အခဲတွေကြောင့် ထိရောက်မှု မရှိဘူးလို့ CDM ပြုလုပ်ထားတဲ့ ကျောင်းသားတစ်ဦးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေက လုံခြုံရေးကိုသာ ဦးစားပေးပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးက လွယ်ကူတဲ့ အခြေအနေမှာ မရှိဘူးလို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောပါတယ်။