မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို ယနေ့ မေ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် စစ်သား ၇ ဦးက လှေနှင့် ဖြတ်ကူးစဉ် လှေမှောက်ပြီး စစ်သား ၆ ဦး ရေနစ်သေဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ စစ်သားများသည် မေလ ၄ ရက်နေ့တွင် ကြက်တူရွေးကျေးရွာကို ရောက်လာပြီး ကျေးရွာကို မီးရှို့ ဖျက်ဆီး ခဲ့သော စစ်သားများ ဖြစ်ကြောင်း၊ မီးရှို့ပြီးနောက် ကြက်တူးရွေးကျေးရွာနှင့် သဲအင်းကျေးရွာကို နှစ်ဖွဲ့ခွဲ၍ နေခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် မေလ ၆ ရက်နေ့တွင် စဉ့်ကူးမြို့နယ် ကြက်တူးရွေးကျေးရွာမှ မတ္တရာမြို့နယ်ကို ညတွင်းချင်း ခြေလျင် စစ်ကြောင်းထိုးသွားခဲ့ပြီး မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တိတ်တဆိတ်ပြန်လာချိန်တွင် လှေမှောက်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘယ်အဆင့်တွေလဲ မသိရသေးဘူးဗျ။ သူတို့မှာ ပါတဲ့ လက်နက်တွေလည်း အကုန်မြှုပ်သွားတယ်လို့ သိရတယ်။ ခွေး ၇ ကောင်မှာ ၆ ကောင်သေတယ်။ ၁ ကောင်ကတော့ မသေဘူးဟု သိရတယ်ဗျ” ဟု Wetlet Information Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် စဉ့်ကူးမြို့နယ် သဲအင်းကျေးရွာရှိ စစ်ကောင်စီဝင်များသည် လက်ရှိအချိန်တွင် မတ္တရာမြို့နယ် မြွေပုံကန်ရွာတွင် စစ်ကြောင်း ပေါင်းကာ တပ်စွဲထားကြောင်း သိရသည်။