ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဧပြီ ၁ လတာအတွင်း ပြောက်ကျားတိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ခွဲမှူး ၁ ဦးအပါအဝင် အယောက် ၉၀ သေဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မေ ၆ ရက်မှာ ကေအန်ယူ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က ၂ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့သလို စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူတွေရဲ့ ကျေးရွာနဲ့လယ်ယာလုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီး အလုံး ၄၀ နီးပါးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ဆောင်ချိန် ဗုံးသီး ၁၇ လုံးကြဲချခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ သံလွင်မြစ်ကမ်းနံဘေးက မယ်ခါးထာ့စခန်းကို ပြန်လည်ရယူဖို့ ကြိုးစားခဲ့ရာ မြေပြင်ထက်လေကြောင်းကို အများဆုံး အသုံးပြုလာတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒို (ပြောခွင့်ရ) က ပြောပါတယ်။
”လေကြောင်းကနေ သူတို့တပ်စခန်းမှာရှိတဲ့ လူတွေကိုကာကွယ်ပေးတာ၊ တပ်စခန်းမှာရှိတဲ့ သူတို့လူတွေရဲ့ စားနပ်ရိက္ခာလာပြီးတော့ ရဟတ်ယာဉ်နဲ့ ချပေးတာတို့ဘာတို့ ရှိတယ်။ နေ့စဉ်လိုလိုပဲ လုပ်နေတယ်။ ရိက္ခာက ကုန်ကြောင်းနဲ့သူတို့ပို့ရမှာ ခက်ခဲအများကြီးရှိတဲ့အပေါ်မှာ သူတို့က အခုက အများဆုံးသုံးတာလေကြောင်းသုံးတာများတယ်။”
သံလွင်မြစ်ကမ်းနံဘေးက စစ်ကောင်စီရဲ့အရေးပါးတဲ့ မယ်ခါးထာ့တပ်စခန်းကို မတ် ၂၈ ရက် မနက် ၆ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေ များပြားခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးခဲ့တဲ့အတွက် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်တာတွေကြောင့် ဒေသခံပြည်သူ ၉ သောင်းကျော်ဟာ စိုးရိမ်ကြောက်လန့်ကာ ကျေးရွာနဲ့နေအိမ်တွေကိုစွန်ခွာပြီး လုံခြုံမယ်ထင်တဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံပြည်သူတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ခွာလာခဲ့ရတာ၊ အချိန်အခါမဟုတ် မိုးရွာတာ၊ ရာသီတုပူပြင်းတာတွေကြောင့် နေထိုင်စားသောက်ရေးအပြင် ဆေးဝါးအခက်အခဲတွေ အရေးပေါ် လိုအပ်နေတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။