မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို တခြားမြို့နယ်ဆီ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခွင့်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို အသနားစာတင်ကြတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ဂန့်ဂေါဒေသက ဌာနဆိုင်ရာရုံးတွေနဲ့ နယ်မြေရဲစခန်းတွေဟာ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ များလာပြီးနောက် ပြောင်းရွေ့ပေးဖို့ အသနားစာတင်ကြသူတွေ များတယ်လို့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ရဲတပ်ရင်း ၃၅ ဆို အာဏာသိမ်းကတည်းကဒီမှာရောက်နေတာ သူငယ်ချင်းတွေလည်း သေကုန်ပြီ သုံးနှစ်ရှိပြီ အခုထိ ပြောင်းရွှေ့ခွင့်မပေးဘူး။ တချို့ဆို ထွက်ပြေးသွားကြတယ်၊ စာတင်ထားတဲ့သူ အတော်များတယ်”လို့ ပြောပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ လဝကနဲ့ ရဲတပ်ရင်းမှ ဝန်ထမ်း ၁၀၀ နီးပါး ပြောင်းရွှေ့ခွင့်ကို ဌာနဆိုင်ရာဝန်ကြီးတွေ၊ ရဲချုပ်နဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စာတင်ခဲ့တာဖြစ်တယ်လို့ လဝကဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ပြောင်းခွင့်တင်တာ တစ်နှစ်ကျော်ပြီ ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် ကူသူမဲ့ ကယ်သူမဲ့ဘဝကိုရောက်နေတာ တခါတလေ စစ်တပ်က လေကြောင်းနဲ့ လာပစ်ရင်တောင် ကျမတို့ခေါင်းပေါ်ကို ပစ်ချလိုက်ပါစေလို့ ဆုတောင်းတာမြန်မြန်သေအေးရော”လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ပြောင်းရွှေ့ခွင့်တင်လို့မရတာလို့ ထွက်ပြေးသူတွေလည်းရှိတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။