စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကား ဗျူဟာကုန်းရဲစခန်းကနေ ရိက္ခာဆင်းဝယ်တဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ ရှိမ်းမကားရွာထဲမှာ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ ကျားသစ်နက်ပျောက်ကြားအဖွဲ့ဆီက သိရပါတယ်။
မေလ ၇ ရက်မနေ့ကညနေ ၄ နာရီလောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲ ၁ ဦး၊ ပျူစောထီး ၁ ဦးနဲ့ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ နဂါးလေးက ပြောပါတယ်။
“မိုင်းဆွဲဖောက်ခွဲခံရအပြီး နာရီဝက်အကြာမှာ ရှိမ်းမကားဗျူဟာကုန်းက (စစ်ကောင်စီအဖွဲ့တွေ) နောက်ထပ်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်၊ ဖောက်ခွဲခံရပြီး သေဆုံးတဲ့ အလောင်းတွေကို ပခုံးပေါ်ထမ်းပြီး စခန်းထဲကို ပြန်သွားတယ်” လို့ ပြောပါတယ်။
ဒီသေဆုံးမှုနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီစခန်းမှာ မတ္တရာဘက်ကလာတဲ့ စစ်သားတွေက တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ ၆ ရက်မှာလည်း ရွာခံပြည်သူအချို့ကို စစ်ဗိုလ်တဦးက ရိုက်နှိက်တာတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“ကျေးရွာထဲမှာ ပြည်သူတွေထိုင်နေတာကို ဗျူဟာကုန်းက စစ်ဗိုလ်ကနေ အရက်အလွန်အကျွံ့ မူးအောင်သောက်ပြီး ရိုက်နှက်တယ်၊ သေနတ်တွေနဲ့လည်း ထုသွားတယ်၊ ပြည်သူတဦးလည်း ဖမ်းပြီးပြန်တော့လွှတ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်စုက ပြည်သူပိုင်ကောက်ပဲသီးနှံတွေကို အဓမ္မယူဆောင်သွားပြီးအပြန် ရွာသာယာရွာအနားမှာ ကျားသစ်နက် ပြောက်ကျားအဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။