မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် ) ABSDF၊ စစ်ကြောင်း ( ၃ )၊ ချင်းတွင်းဒေသတပ်ရင်းအနေနဲ့ တပ်ရိက္ခာ နွေစပါးတွေကို စတင်စိုက်ပျိုးနေပြီလို့ သိရပါတယ်။
အဲဒီစိုက်ပျိုးမှုကို စစ်ဒေသ ၁ ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတခုမှာ စိုက်ပျိုးနေတာဖြစ်ပြီး ယခုနှစ် နွေစပါးရာသီမှာ ၂ ဧက စတင်စိုက်ပျိုးနေပြီဖြစ်ကာ တပ်ဖွဲ့ရဲ့ စိုက်ပျိုးရေးတာဝန်ခံနဲ့ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထုရဲ့ကူညီမှုတွေနဲ့ စတင်နိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။
“ဆန်တအိတ်ကို တသိန်းဝန်းကျင်လောက်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့မှာ စားနပ်ရိက္ခာဆန်က ပြည်သူလူထုကအဓိကထောက်ပံ့တာဖြစ်တယ်။ ပြည်သူလူထုကအဓိကထောက်ပံ့တဲ့အခါမှာ လက်ရှိအခြေအနေထိတော့ ပြည်သူလူထုက ကျနော်တို့အပေါ် ထောက်ပံ့နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အခက်ခဲတွေ ကြုံလာနိုင်တယ်ဆိုတာ တွက်ဆမိတော့ ပြည်သူလူထုဝန်ကို မျှပြီး ပြည်သူ့ဝန်ထမ်းအနေနဲ့ နွေရာသီစပါးကို စိုက်ပျိုးရခြင်းဖြစ်တယ်။” လို့ ချင်းတွင်းဒေသတပ်ရင်းမှူး ရဲဘော်ဇေယျ က မြေလတ်အသံကို ပြောပါတယ်။
အာဏာသိမ်းမှု ၂ နှစ်ကျော် ကြာလာတာနဲ့အမျှ ပြည်သူလူထု အထွေထွေအကျပ်အတည်း ဖြစ်လာနေပြီး ငွေကြေးဖောင်းပွမှု ဖြစ်လာကာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် ထောက်ပံ့ရတဲ့ ပြည်သူတွေ မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
နွေစပါးကို ဆည်ရေသောက်ဧရိယာ တခုအနေနဲ့စိုက်ပျိုးထားပြီး ကုန်ကျငွေ တဧကကို ၅ သိန်းဝန်းကျင်ကုန်ကျပြီး ၂ ဧကကုန်ကျစားရိတ် ၁၀ သိန်းကို ခဲယမ်းမီးကျောက်ဝယ်ယူရမယ့် အထဲက ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုခဲ့ရပြီး ထွက်ရှိချိန်မှာတော့ တင်း ၁၅၀ နဲ့ ၂၀၀ ကြားထွက်ရှိမယ်လို့ ခန့်မှန်းထားကာ ငွေအားဖြင့် ၂၃ သိန်းခန့်ရနိုင်မယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးအောင်ပွဲဟာ ယနေ့နဲ့မနက်ဖြန်ဖြစ်သွားနိုင်သလို အချိန်ကာလအားဖြင့်လည်း ကြာကောင်းကြာသွားနိုင်တယ်။ ကာလတခုကြာနိုင်တယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရိက္ခာကို စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။” လို့ ရဲဘော်ဇေယျ ကဆက်လက်ပြောပါတယ်။
ချင်းတွင်းဒေသတပ်ရင်းအနေနဲ့ စစ်ရှောင်တွေကို ပြန်လည်နေရာချထားတဲ့ နေရာမှာလည်း အဆောက်အဦးလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနေသလို တခြား ဆီထွက်သီးနှံ နေကြာနဲ့ မြေပဲတွေကိုလည်း စိုက်ပျိုးနေတယ်လို့ သိရပါတယ်။