ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ညှောင်ပင်ကုန်းအတက်အနီး၌ ယနေ့ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သားနှစ်ယောက် သေဆုံးကြောင်း ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။
၎င်းစစ်ကောင်စီတပ်က ပြည်သူများကို စစ်ဆေးမေးမြန်းပြီး ပြန်ရန်ပြင်ဆင်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ပြောသည်။
“စကစတွေက အဲမှာ နေ့တိုင်းလိုလို စစ်ဆေးတာ။ ညနေ ၅ နာရီလောက်ကစပြီး စစ်ဆေးတာ စတာ။ ၆ နာရီလောက် ပြန်ဖို့လုပ်နေတဲ့အချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့တာ စကစတွေ အပေါ်တောင် တက်သွားတယ်။ အနည်းဆုံးတော့ နှစ်ယောက်လောက် သေမယ်။”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ညနေတွင် ဖားကန့်မြို့ ပန်းတင်တံတာ၊ ဘေလီတံတား၊ မှောင်မှော်လျှံကုန်းတက်၊ ညောင်ပင်ကုန်းအတက် စသည့် ၄ နေရာ၌ စစ်ကောင်စီတပ်က စစ်ဆးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဘောလုံးကွင်းအနီး၌ သေနတ်ဖြင့် ပစ်သတ်ခံထားရသည့်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖားကန့်မြို့နယ်တွင် ယခင်နှစ်ထက် ဖမ်းဆီးစစ်ဆေးမှု၊ ပစ်သတ်၊ သတ်ဖြတ်မှု ပိုမိုများပြားလာပြီး ယခုနှစ် ဧပြီလမှစတင်ပြီး စစ်ကောင်စီတပ်က ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရသည်။