မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားက ကျားဖြူစစ်ကြောင်း (၂)၊ စစ်ကြောင်းရုံး တပ်ခွဲ စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ ဒီနေ့ မေလ ၉ ရက်မှာ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့၊ ည ၁၁ နာရီ ဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခံရတာဖြစ်ပြီး ကျားဖြူတပ်ခွဲ (၁) က ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီးနဲ့ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်တို့ ဒဏ်ရာ အပြင်းအထန်ရပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
“၇ ရက်နေ့ည ၁၁ ဝန်းကျင်လောက်ကနေ ပြီးတော့ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ နှစ်လုံး လာကြဲတယ်ဗျ။ အဲ့မှာ ရဲဘော် ၃ ဦးက တော်တော်လေးကို ပြင်းထန်တဲ့ ဒဏ်ရာနဲ့ပဲ ကျဆုံးသွားပါတယ်။ ကျန်တဲ့ ရဲဘော် ၄ ယောက်မှာတော့ ဦးခေါင်းအစ ရှပ်ထိတာ ၂ ယောက်၊ နောက်တစ်ယောက်က ခြေထောက်နှစ်ဖက်မှာ ထိတယ်။ နောက်တစ်ယောက်က ပွန်းရာပဲ့ရာပဲ ပေါင်တို့ ခြေသလုံးတို့မှာ ထိတာ” လို့ ကျားဖြူစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် မနေ့က မေလ ၈ ရက်၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ကျဆုံးသူ ၃ ဦးကို သင်္ဂြိုလ်ဖို့ စီစဉ်နေစဉ် စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်တိုက်ခိုက် သေးတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်တိုက်ပွဲမှာ အသက် ပေးလှူသွားတဲ့ ရဲဘော် ၃ ဦးဟာ အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပြီး မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲ အတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ ကိုယ်စား စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး အဆုံးထိ တွန်းလှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
KNLA တပ်မဟာ (၆) လက်အောက်ခံ ကျားဖြူတပ်ခွဲဟာ တောင်ညိုစစ်ကြောင်းနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောရွာကြား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။