စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးရွာတစ်ရွာတွင် ယနေ့ (မေလ ၉) နံနက်ပိုင်းက သပိတ်ကော်မတီဝင်များ ဦးဆောင်၍ ကဗျာဆရာခက်သီ ကျဆုံးခြင်း (၂)နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
သပိတ်ဦးဆောင်သူတို့က ကဗျာဆရာ”ခက်သီ”၏ ကဗျာစာသားဖြစ်သော “ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင် အဲဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နဲ့ နေချင်တယ်” ဘန်နာနှင့် ကဗျာဆရာ”ခက်သီ”၏ ဓါတ်ပုံများကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ဆင်နွှဲခဲ့ပြီး ဆရာခက်သီ၏ အမှတ်တရ တော်လှန်ကဗျာများကိုလည်း ရွတ်ဖတ်ခဲ့ကြသည်။
ထို့အပြင် ကဗျာဆရာ “ခက်သီ” အပါအဝင် ကျဆုံးရဲဘော်အားလုံးကို ပုလဲပြည်သူများက ဘယ်တော့မှ မမေ့ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်သည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပုလဲလူထုသပိတ်က ကတိပြုခဲ့သည်။