အကြမ်းဖက် ဖက်ဆစ် စစ်အုပ်စုကို နိုင်ငံတကာမျက်နှာစာ အပါအဝင် ကဏ္ဍအသီးသီးတွင် အကူ အညီနှင့် အကာအကွယ်များပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရှုတ်ချသည့် သပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့ပြသပိတ်အင်အားစုများ စုပေါင်း၍ ယနေ့လှုပ်ရှားကြသည်။
တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တဖွဖွပြောနေသော်လည်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုကို မတရားသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုအား အကာအကွယ်နှင့် အကူအညီများပေးနေခြင်းသည် စစ်အုပ်စုနှင့် ပေါင်း၍ မြန်မာပြည်သူများကို သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။
တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် ၄င်းတို့၏ အကျိုးစိးပွားတခုတည်းကိုသာ ရှေးရှုပြီး –
⁃ အရပ်သားပြည်သူ ရာနဲ့ချီ ကျဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ ဖြစ်စဥ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မင်းအောင်လှိုင် စစ်အုပ်စုကို အရေးမယူနိုင်အောင် တရုတ်နှင့် ရုရှားမှ ရပ်တည်ကာကွယ်ပေးခဲ့သည်။
⁃ လက်ပံတောင်းဒေသရှိ တရုတ်စီမံကိန်းဝင်းများအတွင်း အကြမ်းဖက်စစ်တပ်ကို အခြေစိုက်ခွင့်ပြုထားခြင်းကြောင့် ၄င်းဒေသရှိ ကျေးရွာများ မီးရှို့ ခံရပြီး၊ ရွာသားရွာသူများ မတရားသတ်ဖြတ်ခံနေရပါသည်။
⁃ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်များဖြင့် သန်းရွှေ – မင်းအောင်လှိုင် စစ်အုပ်စုကို ထွက်ပေါက်ပေးနိုင်ရေးအတွက် နည်းလမ်းရှာ အကူအညီပေးလျက်ရှိပါသည်။
တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံအနေဖြင့် မြန်မာ့အရေးကို လူကြီးလူကောင်းဆန်ဆန် တရားမျှတစွာ ရပ်တည်ဖြေရှင်းပေးရမည့် အစား ဖက်ဆစ်တပ်ကို ဆွေမျိုးပေါက်ဖော် လုပ်၍ တရုတ်၏ အကျိုးစီးပွားများနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ရေး ဆက်၍ ကြိုးစားမည်ဆိုလျှင် လူထု၏ ယခုထက်ပိုမိုပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ဒေါသကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ယခုလှုပ်ရှားမှုမှ သတင်းစကားပါးပါသည်။
မြန်မာပြည်သူတို့သည် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေလိုပါသည်။ မြန်မာပြည်သူတို့၏ လွတ်လပ်မှုနှင့် တည်ငြိမ်မှုကို နှောက်ယှက်ဖျက်စီးနေသည်မှာ အကြမ်းဖက်စစ်အုပ်စုပင်ဖြစ်ပါသည်။
မြန်မာပြည်သူတို့၏ လွတ်လပ်ရေးအတွက် ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးကြိး၏ ပန်းတိုင်သည် လွတ်လပ်၊ ငြိမ်းချမ်း၊ တည်ငြိမ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးဖြစ်သည်။ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်၍ တိုက်ပွဲဝင်နေမှုများကို တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီက သေချာနားလည်ပြီး တရားမျှတစွာ ရပ်တည်ပေးပါရန် ရန်ကုန် သပိတ်အင်အားစုများက တောင်းဆိုကြသည်။