ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအနီးရှိ ဘုံသရောတံတားအား စစ်ဘက်ဆိုင်ရာထောက်ပို့လမ်းကြောင်းကို ဖျက်ဆီးသည့်အနေဖြင့် မေလ ၈ ရက် ည ၁၂ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကျောက်ကြီး-နတ်သံကွင်းကားလမ်းပေါ်ရှိ အလျား(၄၀)ပေ၊ အကျယ် ၃၀ ပေရှိ ကွန်ကရစ်တံတားအား တော်လှန်ရေးတပ်ဖွဲ့၀င်များမှ မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် မြို့နယ်လမ်းဦးစီးဌာနမှ တံတားအခြေအနေအား လာရောက်စစ်ဆေးစဥ် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲသဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိအပါအဝင် စာရေးမတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“တံတားကိုဓာတ်ပုံလာရိုက်တဲ့ ဦးစီးအရာရှိနဲ့နောက်စာရေးမတစ်ယောက်ရယ် အဲ့ဒီနားမှာပဲသေသွားတယ်။ အဲ့ဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ်ထဲ မှာ နောက်ထပ်ဓာတ်အားတိုင်တွေကိုဖျက်ဆီးခဲ့တာရှိတယ်။ နေရာတော့မတူဘူး ဓာတ်အားတိုင်က ကျောက်ကြီးနဲ့နီးတယ်။ တံတားကညောင်လေးပင်နဲ့နီးတယ် “ ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တံတားဖောက်ခွဲမှုကြောင့် တံတားတစ်ခုလုံးကျိုးကျ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မေလ ၈ ရက်နေ့၌ပင် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာ၊ ပေါက်မြောင်းတံတားအနီး မိုင်းခွဲဖျက်ဆီးခံရသဖြင့်ပျက်စီးနေသည့် ဓာတ်တိုင်အား လာရောက်ပြင်ဆင်သည့် မြို့နယ်လျှပ်စစ်မှူးနှင့်အဖွဲ့အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ နေ့စားဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးနေသည့် 33kv ဓာတ်အားလိုင်းဓာတ်တိုင် ၂ တိုင်မှာ မေလ ၄ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် ဓာတ်တိုင်များလဲကျပျက်စီးခဲ့ရကြောင်း သိရသည်။